” အောင်မြတ်သာနှင့်မောင်းတစ်လုံးတောင် “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်မောင်းတစ်လုံးတောင် “(စ/ဆုံး)
————————————————————

နှစ်ပေါင်းများစွာမပြုပြင်ပဲထားခဲ့တဲ့ တန်ဆောင်းတစ်ခုအတွင်းကနေ ဖယောင်းတိုင်မီးအလင်းရောင် မှိန်ပြပြက သူ့အထွာနဲ့သူအလင်းဓါတ်ကိုပေးနေခဲ့တယ်။ ဖယောင်းတိုင်မီးအလင်းရောင်ကြောင့် အမှောင်ထုကိုခိုပြီး တွယ်ကပ်နေကြတဲ့ လင်းနို့တွေရဲ့အော်မြည်သံကလဲ တိတ်ဆိတ်တဲ့ညအချိန်အခါမှာ ရံဖန်ရံခါထွက်ပေါ်လာခဲ့တယ်။
လူရိပ်လူခြေမရှိ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ တန်ဆောင်းထဲမှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်ကငြိမ်သက်စွာထိုင်ပြီး သမထကိုမြင့်သထက်မြင့်အောင် အားထုတ်နေခဲ့ရာ ခန္ဓာကိုယ်မှာရှိတဲ့မွှေးညှင်းနုလေးတွေရဲ့လှုပ်ရှားမှုကအစ သတိထားမိလာတဲ့အဆင့်ထိရောက်လာခဲ့တယ်။ အဲဒီအချိန် …
“ တရားဖြုတ်ပြီးတာနဲ့ တောင်ဘက်စူးစူးကိုသွားပါ… ထမင်းအိုးသုံးလုံးချက်လောက်သွားပြီးတာနဲ့ အုတ်ကျိုးအပျက်တွေအတိဖြစ်နေတဲ့စေတီပျက်တစ်ဆူကိုမြင်ရလိမ့်မယ်၊ စေတီပျက်ကိုတွေ့ရင် သူ့ဘေးလမ်းကနေ တောင်ပေါ်ကိုဆက်တက်ပါ..တောင်ပေါ်ရောက်ရင် ဆရာအဆက်ဆက်တည်လို့မရခဲ့တဲ့ စေတီတစ်ဆူကိုတွေ့အောင်ရှာပြီး သာသနာပြုပါလူလေး” ဆိုတဲ့အသံကိုရှင်းလင်းပြတ်သားစွာကြားလိုက်ရတယ်။
အောင်မြတ်သာလဲ ကြားလိုက်ရတဲ့အသံကို စိတ်ထဲမှတ်ထားပြီး တရားဖြုတ်ပြီးတဲ့အချိန်ရောက်တော့ တပည့်နှစ်ယောက်ကိုအကျိုးအကြောင်းပြောပြကာ တောင်ဘက်စူးစူးဆီကိုထွက်လာခဲ့ကြတယ်။
ရာသီစက်ဝန်းက ဆောင်းရာသီဘက်ကိုလှည့်ပြီဖြစ်တဲ့အတွက် အရုဏ်တက်ချိန်မှာ အတားအဆီးမဲ့စွာကျဆင်းနေတဲ့နှင်းမှုန်တွေကိုအံတုပြီး ခရီးဆက်လာခဲ့ရာ ညောင်ညိုပင်အောက်မှာ မီးမွှေးပြီးအကြော်ရောင်းနေတဲ့ လမ်းဘေးဆိုင်တစ်ခုနားကိုရောက်လာခဲ့တယ်။
“ ငါ့တူတို့ အကြော်လေးအားပေးသွားပါဦး… အခုမှဆိုင်စထွက်တာဆိုတော့ ဈေးဦးပေါက်အနေနဲ့ အကြော်တွေပိုထည့်ပေးပါမယ်”
အနက်ရောင်ကနေ အဖြူရောင်သို့ကူးပြောင်းစပြုနေတဲ့ ဆံပင်ကို တစ်ပတ်လျှိုထုံးပြီး ချည်စောင်ကိုခြုံထားတဲ့ အကြော်သည်မိန်းမကြီးစကားကြောင့် အောင်မြတ်သာ ရှေ့ဆက်မသွားတော့ပဲ ခုံပုလေးတွေချထားတဲ့စားပွဲဝိုင်းမှာဝင်ထိုင်လိုက်တယ်။
“ ဘာအကြော်တွေများစားကြမလဲကွယ့်…အရီးဆိုင်မှာတော့ ကြက်သွန်ကြော်၊ ပုစွန်စာရွက်ကြော်နဲ့ ဘူးသီးကြော်တွေရပါတယ်”
“ အကြော်စုံ နှစ်ပွဲပဲချပေးပါအရီး… “
အောင်မြတ်သာစကားကြောင့် ဆိုင်ရှင်မိန်းမကြီးက အငွေ့တစ်ထောင်းထောင်းထနေတဲ့အကြော်တွေကိုပန်းကန်နဲ့ထည့်ပြီးလာချပေးရင်း
“ ငါတူတို့အသံနားထောင်ရတာ ဒီအရပ်ကမဟုတ်သလိုပဲ.”
“ ကျုပ်တို့က အညာဘက်ကလာကြတာပါ… ဒါနဲ့ ဒီအနီးတစ်ဝိုက်မှာ စေတီပျက်တစ်ဆူရှိတယ်ဆိုတာဟုတ်လား အရီး”
“ အော် စေတီပျက်က ရှေ့ကလှည်းလမ်းအတိုင်းဆက်သွားရင် တွေ့ပါလိမ့်မယ်… လူလေးတို့က စေတီပျက်ကိုရှာပြီး ဘာလုပ်မလို့လဲ”
အကြော်သည်မိန်းမကြီးစကားကြောင့် တောက်ရက လွယ်အိတ်ထဲကနေ ပုတီးကုံးကိုထုတ်ပြလိုက်ပြီး
“ ကျုပ်တို့က နယ်တကာလှည့်ပြီး အဓိဌာန်ဝင်နေကြတဲ့သူတွေဖြစ်လို့ မေးကြည့်တာပါ”
“ သာဓု သာဓု သာဓုပါကွယ်… အသက်လေးတွေကလဲငယ် ဘုရားတရားလဲလုပ်ဆိုတော့ အားကျမိပါတယ်.. အရီးတို့ကတော့ စားဝတ်နေရေးအတွက်ရုန်းကုန်နေဆဲမို့ စိတ်ထဲရှိတိုင်းမလုပ်နိုင်သေးပါဘူး… ကဲကဲ အကြော်တွေမအေးခင်စားလိုက်ကြပါဦး”
အောင်မြတ်သာတို့လဲ ရှေ့မှာရှိတဲ့အကြော်တွေကို စားပြီးတာနဲ့ ကျသင့်ငွေကိုရှင်းကာ ထွက်လာခဲ့ကြတယ်။ လှည်းလမ်းအတိုင်းနာရီဝက်လောက်လမ်းလျောက်ပြီးချိန်မှာတော့ အုတ်ကျိုးအပျက်တွေပုံထားသလိုဖြစ်နေတဲ့ စေတီပျက်တစ်ဆူကိုမြင်လိုက်ရတယ်။
“ ဆရာ ဒါကစေတီပျက်ပဲဖြစ်မယ်.. ကျွန်တော်တို့ ဒီအနီးနားမှာ တောင်ပေါ်တက်လို့ရမယ့်လမ်းရှိမရှိရှာကြည့်လိုက်ပါဦးမယ်”
သက်ခိုင်နဲ့တောက်ရက စေတီပျက်ဘေးမှာရှိနေတဲ့ ခြုံနွယ်တွေကို သစ်ကိုင်းခြောက်တွေနဲ့ဝှေ့ယမ်းပြီး လမ်းရှာဖို့ထွက်သွားတဲ့အချိန် အောင်မြတ်သာကတော့ စိမ်းညို့အုပ်မှိုင်းနေတဲ့ တောင်ပေါ်ကို စူးစိုက်ကြည့်နေခဲ့တယ်။
ကွမ်းတစ်ယာညက်လောက်ကြာတော့ သက်ခိုင်နဲ့တောက်ရတို့ပြန်ရောက်လာပြီး
“ တောင်ပေါ်ကိုတက်တဲ့လူသွားလမ်းတစ်ခုတော့တွေ့တယ်ဆရာ… ဒီလမ်းက မသုံးတာကြာလို့ထင်တယ် ခြုံတွေနဲ့ပိတ်နေတာ အတော်ရှင်းယူလိုက်ရတယ်”
“ လမ်းလဲတွေ့ပြီဆိုတော့ တောင်ပေါ်ကိုတက်ကြရအောင်.. အခုငါတို့ရှာနေတဲ့ စေတီပျက်က ဆရာအဆက်ဆက် တည်လို့မရခဲ့ဘူးလို့သိရတယ်… ဒါကြောင့် တောင်ပေါ်စတက်တာနဲ့ သတိဝိရိယထားကြပါ”
အောင်မြတ်သာလဲ သက်ခိုင်နဲ့တောက်ရကို သတိထားဖို့မှာကြားပြီး တောင်ပေါ်ကိုစတက်ခဲ့ကြတယ်။ သစ်ရိပ်ဝါးရိပ်တွေကောင်းတဲ့ တောင်ဖြစ်တဲ့အတွက် အေးမြလတ်ဆတ်တဲ့လေနုအေးတွေက ဘက်ပေါင်းစုံကနေ တိုးဝှေ့တိုက်ခတ်နေကြသလို အချမ်းဓါတ်ကလဲ ပိုလာခဲ့တယ်။
လူနှစ်ယောက် ဘေးချင်းယှဉ်သွားလို့တောင်မရတဲ့ တောက်တက်လမ်းကျဉ်းလေးကို တစ်နာရီလောက် ခက်ခက်ခဲခဲတက်ပြီးတဲ့အချိန်ထိ စေတီပျက်နဲ့တူတာဆိုလို့ ဘာမှမတွေ့ရတဲ့အပြင် တောတောင်ကလဲ နက်သထက်နက်လာတာမို့ အခြားတောကောင်တွေရဲ့အန္တရာယ်ကိုလဲပိုပြီးသတိထားခဲ့ကြရတယ်။
“ ငါတို့မျက်စိလည်နေပြီနဲ့တူတယ်… သက်ခိုင်”
အောင်မြတ်သာစကားကြောင့် သက်ခိုင်က ဘေးဘီကို ကြည့်လိုက်ရာ
“ မဟုတ်ပါဘူးဆရာ.. ဒီနေရာကျွန်တော်တို့မရောက်ခဲ့ဘူးလေ”
“ မရောက်ခဲ့တာမှန်တယ်… ဒါပေမယ့် ငါတို့ရှာနေတဲ့ စေတီပျက်ကိုမတွေ့အောင် တစ်စုံတစ်ယောက်ကလှည့်စားထားသလိုခံစားနေရတယ်”
အောင်မြတ်သာစကားအဆုံးမှာ တောင်ခါးပန်းအကွယ်ကနေ ကွမ်းသီးလုံးလောက်ရှိတဲ့ပုတီးကိုလည်ပင်းမှာချိတ်ကာဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ပါးထွက်လာပြီး
“ သင်တို့က မောင်းတစ်လုံးစေတီပျက်ကိုလိုက်ရှာနေတဲ့သူတွေလား”
“ ဟုတ်ပါတယ် သင်ကရော ဘယ်သူပါလဲ”
“ ကျုပ်နာမည်က ဖိုးစံလှပါ.. ဒီတောင်ကြောမှာရှိတဲ့ သပြေပင်မှာနေပါတယ်”
“ ဒါဖြင့် ကျုပ်တို့ကို စေတီပျက် ဘယ်နားမှာရှိလဲပြောပြပေးနိုင်မလား”
“ စေတီပျက်ကိုလာရှာတဲ့ ဆရာတွေအတော်များများ အကြံစည်တွေမအောင်မြင်ပဲ နောက်လှည့်ပြန်ကြရတာများလို့ သင်တို့ရဲ့အချိန်တွေမကုန်အောင် ဒီကနေ လှည့်ပြန်သွားကြပါလို့အကြံပြုပါတယ်”
“ ကောင်းပါပြီ ဖိုးစံလှ… သင်အကြံပေးတာကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က ဂိုဏ်းရဲ့အထက်ဆရာကြီးတွေအမိန့်နဲ့စေတီပျက်ကိုရှာပြီး သာသနာပြုရမှာဖြစ်လို့ မတွေ့မချင်း နောက်မလှည့်ပါဘူး”
“ ကျုပ်အနေနဲ့ စေတီပျက်ကိုလာရှာတဲ့သူတိုင်းကို ကူညီနိုင်တဲ့ဘက်က အကောင်းဆုံးကူညီပေးခဲ့သလို သင်တို့ကိုလဲကူညီပေးပါမယ်… ကျန်တာကတော့ သင်တို့ရဲ့ ဉာဏ်ပညာစွမ်းနဲ့ဖြေရှင်းကြပါ”
“ ဒါဖြင့် သင်ကျုပ်တို့ကို ကူညီနိုင်မယ့်အရာကို စောင့်မျှော်နေပါတယ်”
အောင်မြတ်သာစကားအဆုံးမှာ ဖိုးစံလှက
“ ဒီတောင်ကို မောင်းတစ်လုံးစေတီကိုအစွဲပြုပြီး မောင်းတစ်လုံးတောင်တို့ခေါ်ကြတယ်။ တောင်ကြောကိုတော့ အပိုင်းနှစ်ပိုင်းခွဲထားပြီး အခုသင်တို့ရောက်နေတာက တောင်အနောက်ကြောပါ။ မောင်းတစ်လုံးစေတီပျက်ကတော့ တောင်ရဲ့အရှေ့ကြောမှာရှိတယ်လို့ ကြားဖူးနားဝရှိခဲ့ပေမယ့် ကျုပ်တို့တောင်မဖူးမြင်နိုင်သေးပါဘူး.. ဒါကြောင့် သင်တို့အနေနဲ့ စေတီပျက်ကိုရှာဖို့တောင်အရှေ့ကြောကိုသွားရပါမယ်”
“ ဒါဆိုရင် စေတီပျက်က တောင်အရှေ့ကြောမှာ ရှိတယ်ဆိုတာ သေချာတာပေါ့”
“ သေချာပါတယ်… စေတီပျက်လာရှာသူတိုင်းကို ကျုပ်အနေနဲ့လမ်းညွှန်ခဲ့ပေမယ့် အခုချိန်ထိ ဘယ်သူမှမဖူးမြင်ခဲ့ရဘူး… သင်တို့အနေနဲ့ တောင်အရှေ့ကြောမှာ လမ်းပျောက်ခဲ့ရင် ကျုပ်နာမည်ကိုတလိုက်ပါ.. တောင်ခြေရောက်တဲ့ထိ လမ်းပြပေးပါ့မယ်”
“ ကျေးဇူးတင်ပါတယ် ဖိုးစံလှ… ကျုပ်တို့စေတီပျက်ကိုရှာတွေ့တဲ့အခါ ဦးဆုံးဖူးမျှော်ဖို့ သင့်ကို ခေါ်လိုက်ပါမယ်”
အောင်မြတ်သာစကားအဆုံးမှာ ဖိုးစံလှက တောင်ရဲ့အရှေ့ဘက်ကိုလက်ညိုးညွှန်ပြပြီး တောင်ခါးပန်းအနောက်ကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
“ ဆရာ ခုနက ဖိုးစံလှပြောသလိုဆိုရင် ဒီစေတီက အတော်ကိုထူးဆန်းတာပဲ… “
“ ဟုတ်တယ် သက်ခိုင်… သူပြောတဲ့စကားအရ တောင်အရှေ့ကြောကိုပိုင်တဲ့သူသေချာပေါက်ရှိရမယ်.. အခုနေရောင်လဲရလာပြီဆိုတော့ အချိန်မလင့်ခင် ခရီးဆက်ကြရအောင်”
အောင်မြတ်သာတို့လဲ တောင်ရဲ့အရှေ့ဘက်ဆီကို တစ်ရွေ့ရွေ့ခရီးဆက်လာခဲ့ရာ ဝါးမင်းပင်တွေထူထပ်စွာပေါက်နေတဲ့နေရာကိုရောက်တော့ ရာသီဥတုကရုတ်တရက်ပူနွေးလာတာကိုသတိထားမိခဲ့တယ်။ အစပိုင်းမှာတော့ ကိုယ်လက်လှုပ်ရှားလို့ ပူလာတယ်ထင်ခဲ့ပေမယ့် အပူရှိန်ကတစ်ဖြေးဖြေးမြင့်လာတဲ့အတွက် စိတ်ထဲမသင်္ကာတော့
ပဲ ခြေလှမ်းတွေကိုရပ်လိုက်ကြတယ်။
“ နေလဲမထွက်သေးပဲ ရုတ်တရက်ပူလာသလိုခံစားမိတယ်ဆရာ… “
သက်ခိုင်က လွယ်အိတ်ကိုချွတ်ပြီး နဖူးမှာစို့နေတဲ့ချွေးစတွေကိုလက်နဲ့သပ်ကာပြောလိုက်တော့ တောက်ရက
“ ဝါးမင်းရုံနားမရောက်ခင်အထိအေးပါသေးတယ်… အဲနေရာကျော်လာမှ ပူလာတာ”လို့ဝင်ပြောကာ သက်ခိုင်စကားကိုထောက်ခံခဲ့တယ်။
“ ဒါဖြင့် ဝါးမင်းရုံမရောက်ခင်နေရာကိုပြန်သွားကြည့်ရင် အဖြေသိရလိမ့်မယ်… တောက်ရ မင်းနောက်ကိုပြန်လှည့်လိုက်… “
အောင်မြတ်သာစကားကြောင့် တောက်ရက သွက်လက်စွာနဲ့ အနောက်ကိုပြေးသွားပြီး ဝါးမင်းရုံအကျော်လဲရောက်ရော
“ ဒီဘက်မှာ အေးတာမှ စိမ့်နေတာဆရာရေ… ဆရာတို့ရပ်နေတဲ့ဘက်မှာပဲ ပူနေတာ” ဆိုပြီးပြောလိုက်တာကြောင့် အောင်မြတ်သာ တစ်ခုခုကိုတွေးမိပြီး တောက်ရကိုပြန်လာဖို့ခေါ်လိုက်တယ်။
“ ဆရာ ထူးတော့ထူးနေပြီနော်”
“ ဟုတ်တယ် … ငါတို့တောင် ဆောင်းရာသီဖြစ်နေလို့ သတိထားမိခဲ့တာ.. နွေဘက်တွေရှာမိရင် နေကြောင့်ပူတယ်လို့ပဲထင်မိမှာ။ ဒါကြောင့် လာသမျှဆရာတွေ ကြာရှည်မနေနိုင်ပဲ လက်လျော့ကြတာဖြစ်မယ်”
“ ကျွန်တော်တို့ရော ဘာဆက်လုပ်ကြမလဲဆရာ “
“ မကြာခင် အအေးဓါတ်က လျော့လာတော့မှာဖြစ်လို့ အချိန်မနှောင်းခင် ဘာကြောင့်ပူနေရတယ်ဆိုတာကိုအဖြေရှာဖို့လိုတယ်.. “
အောင်မြတ်သာက စကားအဆုံးမှာ သမာဓိကိုစုစည်းပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ရေနွေးငွေ့တွေလို အခိုးငွေ့တွေကိုမြင်လိုက်ရတယ်။
“ တောင်အရှေ့ပိုင်းရောက်မှ အခိုးငွေ့တွေလွှတ်ထုတ်နေတဲ့ပုံအရ ဒီအနီးတစ်ဝိုက်မှာ စေတီပျက်သေချာပေါက်ရှိရမယ်.. သက်ခိုင်နဲ့ တောက်ရ..”
“ ဗျာ ဆရာ”
“ မင်းတို့နှစ်ယောက်လဲ အမြင်အာရုံကိုဖွင့်ပြီး ကြည့်ဖို့လိုနေပြီ… ဒီနေရာကို ငါတို့လာတာမကြိုက်တဲ့သူက အပူငွေ့တွေကိုထုတ်ပြီး ပြန်လှည့်အောင်လုပ်နေတာ”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ နှစ်ယောက်လုံး သမထအားတွေကိုစုစည်းပြီးကြည့်လိုက်တဲ့အချိန်
“ ဆရာ … ကျွန်တော်နှာခေါင်းထဲမှာ ညှီနံ့လိုလို စိမ်းရွှင်ရွှင်အနံ့လိုလိုရနေတယ်… ဒီအနံ့က နဂါးစိမ်းတွေရဲ့ကိုယ်ကထွက်တဲ့အနံ့နဲ့တူသလိုပဲ”
တောက်ရစကားကြောင့်အောင်မြတ်သာက အခိုးငွေ့တွေထွက်တဲ့ဘက်ကိုကြည့်ပြီး
“ တောက်ရပြောတာဖြစ်နိုင်တယ်… ဒီအခိုးငွေ့တွေထုတ်နိုင်တာဆိုလို့ သူတို့မျိုးနွယ်တွေပဲရှိတာမဟုတ်လား”
“ ဆရာ အနံ့က ဒီဘက်ကနေလာတာ … ကျွန်တော်တို့သွားကြည့်ရအောင်”
တောက်ရက အနံ့လာရာဘက်ကို အာရုံခံရင်း တောထဲကိုတစ်ဖြေးဖြေးဝင်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ တောက်ရသွားတဲ့နောက်ကိုလိုက်သွားရာ တစ်မိုင်လောက်အကွာအဝေးရောက်တော့ ညီညာပြန့်ပြူးနေတဲ့ ကွင်းပြင်တစ်ခုကိုမြင်လိုက်ရတယ်။
“ အနံ့က ဒီနားမှာ အတော်ပြင်းတယ်ဆရာ… နောက်ပြီး တောနက်အတွင်းမှာ ဒီကွင်းပြင်ရှိနေတာလဲထူးဆန်းနေတယ်”
“ ဟုတ်တယ် … အခြားမြေကြီးပေါ်မှာ အပင်ငယ်လေးတွေပေါက်နေပေမယ့် ဒီကွင်းပြင်ပေါ်မှာတော့ မြက်တစ်ပင်တောင်မရှိတာ အံ့ဩစရာပဲ… ကဲ မကြာခင်အဖြစ်မှန်ကိုသိအောင် ဖော်ထုတ်ရတော့မှာပဲ.. မင်းတို့နှစ်ယောက်က နဂါးပတ်ကျော့အင်းကို အသင့်အနေအထားလုပ်ထား.. ငါအမိန့်ပြန်လို့ ထူးခြားတာမြင်တာနဲ့အသက်သွင်းပေတော့”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ နဂါးပတ်ကျော့အင်းကို အသက်သွင်းဖို့အသင့်ပြင်ကာစောင့်နေခဲ့တယ်။
“ ကျွန်ုပ်သည် အထက်ဆရာကြီးများရဲ့ အမိန့်အရ ဤအရပ်ဒေသကို သာသနာပြုရန်လာရောက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်၏စိတ်အစဉ်သည် မကောင်းမှုကိုပြုလုပ်ရန် ဆံချည်တစ်မျှင်စာမျှမရှိပါ။ ဤသစ္စာစကားကြောင့် ကျွန်ုပ်၏ရှေ့တွင်တားဆီးပိတ်ပင်ထားတဲ့အရာမှန်သမျှ လေပြင်းနဲ့ထိတွေ့တဲ့မြူမှုန်တွေလို အဝေးလွှင့်သို့လွှင့်ပယ်ပြီး မူလအတိုင်းဖြစ်တည်စေသား” လို့သစ္စာဆိုလိုက်ရာ ကွင်းပြင်ပေါ်မှာ ခွေပြီးပါးပျဉ်းမိုးထားတဲ့ နဂါးစိမ်းတစ်ကောင်ရဲ့ရုပ်သွင်ပေါ်လာခဲ့တယ်။
သက်ခိုင်တို့လဲ နဂါးစိမ်းကိုမြင်တာနဲ့ အင်းကိုအသက်သွင်းပြီးဖမ်းရာ နဂါးစိမ်းခဗျာထွက်ပြေးချိန်တောင်မရပဲ နဂါးပတ်ကျော့အင်းထဲမှာပိတ်မိပါလေရော။
“ လတ်စသတ်တော့ ဒင်းက စေတီပျက်ကို ခန္ဓာကိုယ်နဲ့ရစ်ပတ်ပြီး လာရှာတဲ့သူတွေမတွေ့အောင်ဖန်တီးထားတာကိုး… ကဲ .. အခုကစပြီး အသင်အနေနဲ့ မူလရုပ်သွင်ဖန်ဆင်းပြီး ဘာကြောင့်စေတီကိုဖုံးကွယ်ထားရတယ်ဆိုတာ ပြောစေ… ကလန်ကဆန်လုပ်ပါက နဂါးပတ်ကျော့အင်းထဲမှာပါတဲ့ ကြိုးတွေကအသားထဲ တစ်ရစ်ရစ်တိုးဝင်ပြီး နာကျင်မှုကိုခံစားရစေ” လို့ပြောလိုက်တော့မှ ကြီးမားတဲ့ခန္ဓာကိုယ်အသွင်ကနေ သင်တိုင်းင်္အကျီနဲ့တောင်ရှည်ပုဆိုးကိုဝတ်ထားတဲ့အသက်ခြောက်ဆယ်အရွယ်ယောင်္ကျားတစ်ယောက်အဖြစ်ပြောင်းသွားခဲ့တယ်။
နဂါးပတ်ကျော့အင်းမှာမိနေတဲ့သူရဲ့ ခန္ဓာကိုယ်ကသာအသက်ခြောက်ဆယ်ကျော်ထင်ရပေမယ့် မျက်နှာကတော့ ၁၆နှစ်သားတစ်ယောက်လိုနုပျိုနေခဲ့တယ်။
“ ကျုပ်က သင်တို့လက်ခုပ်ထဲကရေဖြစ်နေတဲ့အတွက် ဘာမှလုပ်မရတော့ဘူး.. ဒါပေမယ့် ဒီစေတီပျက်ကို ထိခိုက်စေမယ့်ကိစ္စမျိုးဆိုရင်တော့ အသားဘယ်လောက်ပင်နာစေပါစေ ကျုပ်နှုတ်ကနေ တစ်ခွန်းမှထွက်လာမယ်မထင်ပါနဲ့”
ကြောက်ခြင်းရွံ့ခြင်းမရှိပဲ တည်ငြိမ်စွာပြောလိုက်တဲ့စကားကိုကြားတော့ အောင်မြတ်သာက လေးနက်စွာပြုံးလိုက်ပြီး
“ သင်ကိုအခုလိုဖမ်းချုပ်ထားရတယ်ဆိုတာကလဲ အခြေအနေအရဖြစ်သွားတာပါ.. ကျုပ်တို့ကလဲ မလိုအပ်ပဲ ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ပါဘူး။ သင့်ကို အသက်နဲ့ထပ်တူ ကတိပေးနိုင်တာက ကျုပ်တို့က ကိုယ်ကျိုးအတွက် ဒီစေတီပျက်ကိုလာရှာတာမဟုတ်ဘူးဆိုတာပဲ”
“ ဒါဖြင့်ရင် နှစ်ပေါင်းရာနဲ့ချီပျောက်ကွယ်နေတဲ့ ဒီစေတီကို ဘာကြောင့်လာရှာရတာလဲ”
“ ကျုပ်တို့က သူတော်ကောင်းလမ်းစဉ်ကိုကျင့်ကြံနေတဲ့သူတွေဖြစ်တဲ့အတွက် ထွက်ရပ်ပေါက်အထက်ဆရာကြီးတွေရဲ့မိန့်ကြားချက်ကိုအထောင်အထည်ဖော်ဖို့ ဒီကိုရောက်လာတာပါ။ ဒီစေတီက မကြာမီအချိန်အတွင်း ခုနှစ်ရက်သားသမီးတွေ လာရောက်ဖူးမျှော်ကြမှာဖြစ်လို့ အခုလို အုတ်ပုံသာသာအမြင်မျိုးမရှိရအောင် ကျုပ်တို့က ဝင်ရောက်ကုသိုလ်ယူဖို့ရောက်လာရခြင်းဖြစ်ပါတယ်”
“ ကျုပ်က ဒီစေတီကို စောင့်ရှောက်ရတဲ့ တောင်စောင့်နဂါးမင်းဖြစ်တဲ့အတွက် ကျုပ်တာဝန်အရ သင်တို့ဟာ စေတီတော်တည်မယ့်သူတွေတည်ရမယ့် ကတိသစ္စာကိုစောင့်ထိန်းနိုင်ပါ့မလားဆိုတာ သံသယဝင်မိတယ်”
“ အသင်နဂါးမင်းအနေနဲ့ ကျုပ်တို့အပေါ်သံသယရှိတယ်ဆိုရင် ကြိုက်ရာနည်းလမ်းဖြင့် စမ်းသပ်လို့ရပါတယ်၊ အခု အသင်နဂါးမင်းကိုယ်ပေါ်မှာ ချုပ်နှောင်ထားတဲ့ ကျော့ကွင်းကိုလဲဖြေလျော့ပေးလိုက်ပါမယ်”
အောင်မြတ်သာကပြောပြီးတာနဲ့ အင်းကိုပြန်သိမ်းပြီးအချုပ်အနှောင်တွေကိုဖယ်ရှားပေးခဲ့တယ်။ နဂါးမင်းလဲ အချုပ်အနှောင်ကလွတ်တာနဲ့ စေတီပျက်ရဲ့ဌာပနာတိုက်အတွင်းမှာရှိတဲ့မောင်းတစ်လုံးကိုထုတ်ယူလာပြီး
“ ဒီအရာက စေတီရဲ့ဌာပနာပစ္စည်းပဲ.. ဒီမောင်းရဲ့ပတ်ပတ်လည်မှာတန်ဖိုးဖြတ်မနိုင်တဲ့ ရတနာပစ္စည်းတွေနဲ့ စီခြယ်ထားတဲ့အပြင် မောင်းအလယ်မှာရှိတဲ့ ဘုအတွင်းမှာတော့ အင်းဝိဇ္ဇာတစ်ပါးရဲ့ မနေမယသိဒ္ဓိအင်းကိုမြုပ်နှံထားတယ်.. ဒါကြောင့် ဒီပစ္စည်းကိုလိုချင်ကြတဲ့ လောဘသားတွေနဲ့ ဂိုဏ်းဆရာအတော်များများရဲ့လက်ကလွတ်အောင် ကျုပ်ရဲ့အစွမ်းနဲ့ကွယ်ဖျောက်ထားရတာပဲ”
“ ဒီအတွက်ကိုတော့ သင်စိတ်ချစွာယုံကြည်နိုင်ပါတယ်၊ ကျုပ်တို့အနေနဲ့ ဒီစေတီကိုအသစ်ပြန်လည်မွမ်းမံပြီးတဲ့အချိန်ထိသာ တောင်ပေါ်မှာနေပြီး ထီးတော်တင်တဲ့နေ့မှာ ဒီအရပ်ကနေစွန့်ခွါမယ်လို့ကတိပြုပါတယ်”
အောင်မြတ်သာစကားအဆုံးမှာ ဘုရားစောင့်နဂါးမင်းက ပေလွှာနဲ့ရေးထားတဲ့စာတစ်ချပ်ကိုအင်္ကျီထဲကနေထုတ်ယူပြီး
“ ဒီပေလွှာထဲမှာ စေတီတည်မယ့်သူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေရှိပါတယ်.. ဒီစည်းကမ်းချက်နဲ့မညီပဲ စေတီကိုပြုပြင်ရင် ဦးဆောင်သူပဲနစ်နာမှာဖြစ်လို့ ဖတ်ကြည့်ပေးပါ” လို့ပြောပြီး ပေလွှာကိုကမ်းပေးခဲ့တယ်။
အောင်မြတ်သာလဲ ပေလွှာကိုကမ်းယူလိုက်ချိန်မှာတော့ အရှေ့မှာရပ်နေတဲ့ပုဂ္ဂိုလ်က ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။ အဲဒီအချိန်မှာမှ အေးမြတဲ့လေနုအေးတွေ တိုးဝင်လာပြီး ပူလောင်အိုက်စပ်တဲ့လေငွေ့တွေရုတ်ချည်းပျောက်ကွယ်သွားခဲ့တယ်။
+++++++++++
ပေလွှာအထဲမှာတော့
“ မောင်းတစ်လုံးစေတီကို သီလသိက္ခာသမာဓိပြည့်စုံတဲ့ အင်းဝိဇ္ဇာဆရာကြီးရွှေမောင်းမှ ဝိဇ္ဇာအတတ်ပညာတို့ဖြင့်စီရင်ပြီး တည်ထားခဲ့ပါသည်။ ဤအချင်းအရာကိုသိရှိသည့် ဝါရီရူးမင်းက ရတနာအတိစီချယ်ထားသည့် အတုဗလမောင်းတော်ကိုဌာပနာထည့်သွင်းပူဇော်ခဲ့ပါသည်။ စေတီတော်ကိုမသမာသူများခိုးယူဖျက်ဆီးခြင်းမပြုနိုင်အောင် တားဆီးရန် တောင်ကြောမှာနေထိုင်တဲ့ နတ်နဂါးမျိုးနွယ်တွေကို တာဝန်ပေးအပ်ခဲ့ပါသည်။
စေတီတော်ချို့ယွင်းပျက်စီးခဲ့သည်ရှိသော် ပဌာန်းဆက်ရှိသူသာ ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိ ကုသိုလ်ပြုနိုင်စေရန် ကျုပ်ကိုယ်တိုင် သစ္စာပြုတိုင်တည်အပ်ပါသည်။ ပဌာန်းဆက်ရှိသူများ စေတီကိုပြုပြင်မွမ်းမံရာတွင် အောက်ပါအချက်များအတိုင်း လိုက်နာကျင့်သုံးရန်နှင့် ကတိသစ္စာဖောက်ဖျက်ပါက ကုန်းလမ်းသွား ကုန်းဘေး၊ ရေလမ်းသွားရေဘေးကြုံတွေပါစေသား-
(၁) စေတီပြုပြင်ရာတွင် သီလမစင်ကြယ်သူများရဲ့လုပ်အားကိုအသုံးမပြုရန်။
(၂) စေတီအရစ်တစ်ဆင့်ပြီးပါက ၇ရက်အဓိဌာန်ဝင်ပြီး တောစောင့်နတ်တောင်စောင့်နတ်များကိုပင့်ဖိတ်မေတ္တာပို့ရန်။
(၃) ဌာပနာပစ္စည်းများကို စိတ်နဲ့ပင် ပစ်မှားခြင်းမရှိရန်” ဆိုတဲ့အချက်တွေရေးသားထားတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာတို့လဲ စေတီကိုပြုပြင်ရာမှာ လိုက်နာရမယ့်အချက်တွေကိုသိပြီးနောက်မှာတော့ အုတ်ပုံသာသာဖြစ်နေတဲ့ စေတီပေါ်မှာ အလင်းတိုင် အမွှေးတိုင်ထွန်းကာ ဝေနေယျသတ္တဝါတွေအပေါ်မေတ္တာပို့အမျှတန်းဝေခြင်းအမှုကို စတင်ပြုလုပ်ခဲ့တယ်။
ညချမ်းအချိန်ရောက်တော့ စေတီရှိရာကွင်းပြင်ဘက်ကို ဖိုးစံလှတစ်ယောက် ဆင်ဖြူစီးပြီးရောက်လာတယ်ရွေ။
“ ဆရာလေးတို့က ဒီစေတီနဲ့ ပဌာန်းဆက်ရှိတာပဲ… ဒါကြောင့် တောင်စောင့်နဂါးမင်းကိုယ်တိုင်အလျော့ပေးခဲ့ရတာကိုး”
ဆင်ဖြူပေါ်ကနေ လှမ်းပြောလိုက်တဲ့ ဖိုးစံလှစကားကြောင့် အောင်မြတ်သာက စင်္ကြန်လျောက်နေတာကိုရပ်လိုက်ပြီး
“ စေတီကိုရှာတွေ့ခဲ့ပေမယ့် ပြန်လည်ပြုပြင်ဖို့ကအခက်အခဲရှိနေသေးတယ်အဖိုး”
ဖိုးစံလှက ဦးခေါင်းကိုငုံချပေးနေတဲ့ ဆင်းဦးကင်းပေါ်ကနေ လမ်းလျောက်ဆင်းလာပြီး
“ ဆရာလေးတို့က စေတီပြုပြင်ဖို့ လုပ်အားတွေ ပစ္စည်းတွေမရှိလို့ စိတ်ညစ်နေတာလား”
“ ဟုတ်ပါတယ် အဖိုး”
“ ဒါမျိုးဖြစ်မယ်ဆိုတာသိလို့ ကျုပ်ရောက်လာတာပါ.. အခုဆိုရင် ဆရာလေးတို့ မောင်းတစ်လုံးစေတီကို မွမ်းမံပြီး ထီးတော်အသစ်တင်မယ်ဆိုတဲ့သတင်းက တောင်ကြောတစ်ကြောလုံးပျံ့ဒေါကိုဝမ်းသာတဲ့သူတွေရှိသလို မနာလိုတဲ့ နတ်ဆိုးတွေလဲရှိနေကြတယ်။ လုပ်အားအတွက်ကိုတော့ စိတ်မပူနဲ့ လာမယ့်လပြည့်နေ့ရောက်ရင် ဆရာလေးတို့ဆီကို ဧည့်သည်တွေလာကြလိမ့်မယ်။ သူတို့လာရင် ဆရာလေးတို့သတိထားနော် .. “
အဖိုးစံလှက အောင်မြတ်သာကို ရယ်ကျဲကျဲမျက်နှာထားနဲ့ပြောပြီး စေတီကိုဖူးမျှော်ကာပြန်ထွက်သွားခဲ့တယ်။ ဒီလိုနဲ့ သုံးရက်မြောက်နေ့ညမှာတော့ စေတီရဲ့အနောက်ဘက်ခြမ်းကနေ မိန်းမသုံးယောက်တက်လာတာကို လရောင်နဲ့လှမ်းမြင်လိုက်ရတယ်။
မိန်းမသုံးယောက်က အောင်မြတ်သာနဲ့ ငါးပေလောက်အကွာကိုရောက်တော့ ထိုင်ချလိုက်ပြီး စေတီကိုဦးစွာကန်တော့လိုက်တယ်။ ပြီးတော့မှ လက်ထဲမှာဝတ်ထားတဲ့ ရွှေလက်ကောက်တွေကို တစ်ချွင်ချွင်မြည်အောင်လှုပ်ရမ်းပြီး
“ ဆရာလေးတို့ စေတီမွမ်းမံဖို့အတွက် ညီမတော်တို့ပိုင်ဆိုင်တဲ့ပစ္စည်းအချို့လာလှူတာပါ” လို့ပြောကာ လက်မှာဝတ်ထားတဲ့ လက်ကောက်တွေကိုချွတ်ကာ ပုံထားလိုက်တယ်။
“ သင်တို့က ဘယ်သူတွေများလဲ”
“ ကျွန်မတို့က ဒီတောင်ကြောနဲ့ဆက်စပ်နေတဲ့ တောင်တွေမှာနေကြပါတယ်။ မကြီး မလတ် မငယ်ဆိုရင် အနီးနားက လူတွေသိပါတယ်ရှင့်”
“ အော် လက်စသတ်တော့ သင်တို့က ဥစ္စာစောင့်မလေးတွေပဲ… သင်တို့အနေနဲ့ စေတီထီးတော်တင်တဲ့အခါ လာရောက်ပြီး သာဓုခေါ်ဖို့ဖိတ်ကြားပါတယ်”
“ လာရမှာပေါ့ရှင် ဆရာငယ်ငယ်ချောချောလေးတွေ ဦးစီးတဲ့ပွဲပဲ မလတ်တို့က သေချာပေါက်လာရမှာပေါ့”
ညီအစ်မသုံးယောက်ထဲမှာ ရဲတင်းလွန်တဲ့ မလတ်ရဲ့စကားကြောင့် ဘေးမှာရှိနေတဲ့ ညီအစ်မနှစ်ယောက်က အချင်းချင်းလက်တို့ပြီး
“ မလတ်က အစနောက်သန်လို့ပါဆရာတို့ဗွေမယူပါနဲ့နော်.. ဆရာတို့စေတီမွမ်းမံဖို့အတွက် သီလပြည့်စုံတဲ့ပဌာန်းဆက်တွေကိုအကြောင်းကြားထားပါတယ်။ ဒါကြောင့်ဆရာတို့ ရည်မှန်းချက်လဲအမြန်ပြည့်မှာပါ” လို့ပြောကာ ပြန်ထွက်သွားခဲ့ကြတယ်။
+++++
ညီအစ်မသုံးယောက်လာပြီး နှစ်ရက်မြောက်နေ့မှာတော့ အုတ်တွေသဲတွေကို တစ်နိုင်တစ်ပိုင်ထမ်းပိုးပြီးတက်လာကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။
“ ဒီကမိတ်ဆွေတွေက စေတီပျက်ကိုပြန်လည်မွမ်းမံမယ့်သူတွေလား”
ကွမ်းတစ်မြုံ့မြုံ့စားရင်း မေးလိုက်တဲ့ လူရဲ့စကားကြောင့် အောင်မြတ်သာက ယာယီဆောက်ထားတဲ့ ဝါးတဲရဲ့အပြင်ဘက်ကိုထွက်လိုက်ပြီး
“ ဒီက မိတ်ဆွေတွေက စေတီပျက်ရှိကြောင်း ဘယ်လိုသိကြတာလဲ”
“ ညကအိမ်မက်ထဲမှာ မောင်းတစ်လုံးတောင်ပေါ်မှာ စေတီတစ်ဆူပြုပြင်ဖို့ သူတော်ကောင်းတွေရောက်နေတယ်… သူတို့မှာ လုပ်အားနဲ့ စေတီပြုပြင်ဖို့ပစ္စည်းတွေလိုအပ်နေတယ်ဆိုပြီး လာပြောလို့ ဟုတ်သော်ရှိမဟုတ်သော်ရှိ တက်ကြည့်မယ်ဆိုပြီးထွက်လာခဲ့တာ။ လမ်းတစ်ဝက်ရောက်တော့ ကျုပ်လိုအိမ်မက်မက်ပြီးလာတဲ့သူတွေနဲ့ထပ်ဆုံတွေ့ခဲ့တာပဲ”
“ ဝမ်းသာလိုက်တာဗျာ… သင်တို့က ဒီစေတီနဲ့ပဌာန်းဆက်ရှိတဲ့သူတွေပဲ… လာကြလာကြ”
အောင်မြတ်သာတို့လဲ အိမ်မက်အရရောက်လာကြတဲ့သူတွေဆီမှာပါလာတဲ့ ပစ္စည်းတွေကို နေရာချပြီး စေတီအပျက်မှာတွယ်ကပ်နေတဲ့ ရေညှိနဲ့အမှိုက်သရိုက်တွေကို သန့်ရှင်းတဲ့အမှုကိုစတင်ခဲ့တယ်။
ဒီလိုနဲ့ နေ့တိုင်းနေ့တိုင်က်အရလာရောက်လှူဒါန်းပြီး လုပ်အားဒါနပြုတဲ့သူတွေအပြင် ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်အချို့လဲပါဝင်ကာ လုပ်အားပေးခဲ့ကြတယ်။ စေတီကိုလာရောက်တဲ့သူတွေထဲမှာ သီလမလုံတဲ့သူတွေပါလာရင်တော့ တောင်ပေါ်မှာလမ်းပျောက်ပြီး စေတီဆီကိုမရောက်ဖြစ်တဲ့ဖြစ်ရပ်မျိုးတွေလဲကြုံတွေ့ခဲ့ရတယ်။
စေတီရဲ့ဖိနပ်တော်(ဘုရား၏စိတ်အကြံဖြစ်ခဲ့သော ၇သင်္ချေကိုရည်ညွှန်းပါသည်)ပြီးစီးတဲ့အချိန်မှာတော့ နောက်တစ်ဆင့်တက်နိုင်ဖို့ ဆရာတပည့်တွေခုနှစ်ရက်အဓိဌာန်ဝင်ခဲ့ကြတယ်။ အဓိဌာန်ပြီးမြောက်တဲ့နေ့မှာတော့ ဖိုးစံလှရောက်လာပြီး
“ ဆရာလေးတို့ အဓိဌာန်အောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ မနက်ဖြန်ကျရင် သိုက်နန်းရှင်တွေကိုယ်တိုင်လုပ်အား လာပေးကြမယ်… သူတို့လာရင် ဌာပနာပစ္စည်းတွေပါလာမှာမို့ သာမန်လူသားတွေမမြင်နိုင်အောင် ဆရာလေးတို့ စီမံထားပေးပါဦး” ဆိုတဲ့သတင်းစကားကိုသယ်ဆောင်လာခဲ့တယ်။
ဖိုးစံလှပြောတဲ့အတိုင်း နောက်တစ်နေ့မနက်အရုဏ်တက်တာနဲ့ ရုပ်ရည်ချောမောလှပတဲ့ ယောင်္ကျားမိန်းမပေါင်းများစွာရောက်လာပြီး စေတီရဲ့ဒုတိယအဆင့်ဖြစ်တဲ့ ပန်းတင်ခုံ(ဘုရားဖြစ်ရန်ဆုတောင်းခဲ့သော၉သင်္ချေကိုရည်ညွှန်းပါသည်)ဖြစ်လာအောင် လုပ်အားပေးခဲ့ကြတယ်။ အဲဒီနေ့မှာတော့ လူတွေရော သိုက်နန်းရှင်တွေပါ အတူပူးတွဲ ကုသိုလ်ယူခဲ့ကြတယ်။ နေ့လည်ထမင်းစားချိန်ရောက်တော့ သာမန်လူတွေက မိမိတို့မှာပါတဲ့ စားစရာတွေကိုထုတ်စားပြီးအနားယူနေတဲ့အချိန် သိုက်နန်းရှင်တွေကတော့ အောင်မြတ်သာတို့ရှိတဲ့ တဲကိုလာပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်သံပတ္တမြားတွေကိုဌာပနာပစ္စည်းအဖြစ်ထည့်လှူခဲ့ကြတယ်။
အောင်မြတ်သာကတော့ ဌာပနာထည့်ဖို့ရထားတဲ့ ရတနာပစ္စည်းတွေကို စုပုံပြီး
“ ဤရတနာပစ္စည်းများသည် နောင်ပွင့်မယ့်မြတ်စွာဘုရားအားရည်စူး၍ လှူဒါန်းထားသည့်အတွက် စိတ်သဘောရိုးဖြောင့်သူတွေသာလျှင် ပကတိအရှိတိုင်းမြင်နိုင်ပါစေသား” လို့အဓိဌာန်ပြုကာ တဲအတွင်းမှာပင် စုပုံထားရှိခဲ့တယ်”
ဒီလိုနဲ့ စေတီရဲ့ပထမပစ္စယာ=(ပါရမီဖြည့်ကျင့်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကို ရည်းညွှန်းသည်)၊ဒုတိယပစ္စယာ(ဒါန အစရှိသော ဥပပါရမီ(၁၀)ပါးကို ရည်ညွှန်းသည်)၊တတိယပစ္စယာ(ဒါန အစရှိသော ပရမတ္ထပါရမီ (၁၀)ပါးကို ရည်ညွှန်းသည်)၊ ကြည်ဝန်း(၅)ခု(စွန့်ခြင်းကြီး (၅)ပါးကို ရည်ညွှန်းသည်)၊ ရှစ်မြှောင့်(မဂ္ဂင် (၈) ပါးကို ရည်ညွှန်းသည်)၊ ပေါင်ရန်(စရိယ (၃) ပါးကို ရည်ညွှန်းသည်)၊ခေါင်းလောင်း(ဓမ္မစည်ကြီး ရိုက်တီး မည်ဟီးတော့မည်ဟူသော ကြွေးကြော်သံပေါ်လာသည်ကို ရည်ညွှန်းသည်)၊ ခါးစည်း(သီလ / သမာဓိ / ပညာ သိက္ခာ(၃) ပါးကို ရည်ညွှန်းသည်)၊ သပိတ်မှောက်(ကိလေသာကိုပယ်သော ပဟာန (၅) ပါးကို ရည်ညွှန်းသည်)၊ပန်းဆွဲ(၁၆)ခု(ဝိပဿနာဉာဏ်စဉ် (၁၆) ပါးကို ရည်ညွှန်းသည်) ဖောင်းရစ်(၇)ခု (ဘုရားရှင်၏ မြတ်သောအကျင့်ဖြစ်သည့် ဗောဇ္ဈင် (၇) ပါးကို ရည်ညွန်းသည်)၊ ကြာမှောက်(ဤကမ္ဘာသည် ဘုရားပွင့်သော ကမ္ဘာဖြစ်၍ ကြာအထိမ်းမှတ်ပေါ်သည်။ ယခု ဘုရားပွင့်တော် မူမည်ဖြစ်၍ ဒုက္ကရစရိယာ ကျင့်နေသည်ကို ရည်ညွှန်းသည်)၊ကြာပွင့် (၁၈) ချပ်(အာဝေဏိက ဂုဏ်တော် (၁၈) ပါးရတော်မူလတ္တံကို ရည်ညွှန်းသည်)၊
ရွဲလုံး (၁၈) လုံး(အာဝေဏိကဉာဏ်တော် (၁၈) ပါး ရရှိတော်မူသည်ကို ရည်ညွှန်းသည်)၊ကြာလန်(ဘုရားပွင့်တော်မူသည်ကို ရည်ညွှန်းသည်)၊ကြာနု(ဘုရားဖြစ်ခါနီးတွင် အာသဝက္ခယဉာဏ် စသည့် ဉာဏ်တော်များ ရရှိလာသည်ကို ရည်ညွှန်းသည်)၊ကြာဖူး(ငှက်ပျောဖူး) (ပွင့်ဆဲဖြစ်သော ကြာဖူးကဲ့သို့ ဉာဏ်တော်များ ရင့်ကျက်ပြီး ဘုရားအဖြစ်သို့ ရောက်တော့မည့် အခြေအနေကို ရည်ညွှန်းသည်)အထိ ပြန်လည်မွမ်းမံနိုင်ခဲ့ပြီး နောက်ဆုံးအဆင့်အနေနဲ့ ထီးတော်တင်ဖို့သာကျန်ရှိနေခဲ့တယ်။
အောင်မြတ်သာတို့လဲ နောက်ဆုံးအဆင့်ကျန်ရှိနေတဲ့ ထီးတော်တင်ဖို့အတွက် အဓိဌာန်၇ရက်ဝင်နေခဲ့ရာ နောက်ဆုံးရက်လဲရောက်ရော ကောင်းကင်တစ်ခုလုံး အချိန်မဟုတ်အခါမဟုတ် မိုးသားတွေတစ်လိပ်လိပ်တက်လာကာ တောင်တစ်ခုလုံး မဲမှောင်သွားခဲ့တာကိုမြင်လိုက်ရတယ်။
“ ငါတို့ရဲ့ အောင်မြင်မှုကိုမနာလိုရှုစိမ့်တဲ့သူတွေက ထီးတော်မတင်ဖြစ်အောင် ဖျက်လိုဖျက်စီးလုပ်ကြတော့မယ်ထင်တယ်”
စေတီဘေးမှာ စင်္ကြန်လျောက်နေရင်းပြောလိုက်တဲ့ အောင်မြတ်သာရဲ့စကားကြောင့် သက်ခိုင်နဲ့ တောက်ရက
“ ကျွန်တော်တို့ကတော့ ဆရာခိုင်းတာလုပ်ဖို့အသင့်ပါပဲ… ဘာလုပ်ရမလဲဆိုတာပြောပါ”
“ လောလောဆယ်တော့ မေတ္တာသာ နိုင်နိုင်ပို့ထားပါ… ငါတို့က ကောင်းတဲ့အမှုကိုလုပ်နေတဲ့သူတွေဖြစ်လို့ စေတီနဲ့ပဌာန်းဆက်ပါတဲ့ နတ်ကောင်းနတ်မြတ်တွေက တားဆီးပေးမယ်လို့ယုံကြည်တယ်”
အောင်မြတ်သာအနေနဲ့ အဓိဌာန်ဝင်နေတဲ့ကာလအတွင်း ပညာစွမ်းတွေကိုထုတ်မသုံးတတ်တာ သိထားတဲ့ သက်ခိုင်နဲ့ တောက်ရက အခြေအနေကိုသဘောပေါက်ပြီး မေတ္တာကိုသာ ထပ်တလဲလဲပွါးများနေခဲ့ကြတယ်။
ကောင်းကင်တစ်ခွင်လဲ လျှပ်စီးတွေလက် မိုးကြိုးတွေ တစ်ဝုန်းဝုန်းတစ်ဒိုင်းဒိုင်းနဲ့ ပစ်ခတ်တော့မယ့်အလား ဖြစ်ပေါ်လာသလို မိုးစက်မိုးပေါက်အချို့ကလဲ လေအဝှေ့မှာ လွင့်ပါလာခဲ့တယ်။ အဲဒီအချိန် လှည်းဘီးအရွယ်လောက်ရှိတဲ့ နဂါးစိမ်းတစ်ကောင်က စေတီဘက်ကိုလွင့်ပါးလာတဲ့ မိုးငွေ့မိုးရိပ်တွေကို သူ့ရဲ့အမြှီးနဲ့ရိုက်ထုတ်ပြီး ရှင်းလင်းနေတာကို မြင်တွေ့လိုက်ရတယ်။
“ ဆရာ … ဟိုမှာ မြင်နေရတဲ့ နဂါးစိမ်းက မိုးငွေ့တွေကို အမြှီးနဲ့ရိုက်ထုတ်နေပါလား”
“ အိမ်း သူ့တာဝန်က စေတီကိုစောင့်ရှောက်ရမယ်ဆိုတာ ပါနေလို့ နိုင်တဲ့ဘက်ကနေ ဝင်ကူတာဖြစ်မှာပါ”
အောင်မြတ်သာစကားမဆုံးခင်မှာပဲ မှိုင်းညို့နေတဲ့ တိမ်တိုက်တွေကြားထဲကနေ ထွက်လာတဲ့ လျှပ်စီးတစ်ပြက်က နဂါးစိမ်းရဲ့ကိုယ်ပေါ်ကို တည့်မတ်စွာထိမှန်သွားခဲ့တယ်။
“ ဂျိမ်း ဒလိန်း….”
မြေကြီးတွေပါတုန်ခါသွားတဲ့ထိပြင်းထန်ခဲ့တဲ့ မိုးကြိုးဒဏ်ကြောင့် နဂါးစိမ်းသဏ္ဍာန်ကနေ လူအသွင်ပြောင်းပြီး စေတီပရဝဏ်အတွင်းကိုပြုတ်ကျလာကာ ဆက်တငင်ငင် ဖြစ်နေခဲ့တယ်။
အောင်မြတ်သာလဲ အဓိဌာန်မပြည့်သေးတာမို့ ကျလာတဲ့ ပုဂ္ဂိုလ်ကို ဂရုဏာသက်တဲ့မျက်လုံးနဲ့ပဲကြည့်ကာ စေတီကို ပတ်ပြီးစင်္ကြန်ထပ်လျောက်နေခဲ့တယ်။ အဲဒီအချိန် ဘေးမှာရှိနေတဲ့ သက်ခိုင်နဲ့ တောက်ရက စင်္ကြန်လျောက်နေတာကိုဖြုတ်ပြီး အင်းစောင့်ပုဂ္ဂိုလ်တွေကိုပင့်လိုက်ပါလေရော။
အောင်မြတ်သာလဲ သက်ခိုင်နဲ့ တောက်ရတို့ အဓိဌာန်ပျက်ပြီဆိုတာသိလို့ လှည့်ကြည့်လိုက်တဲ့အချိန် ဓါးလှံလက်နက်တွေကိုင်ဆောင်ထားတဲ့ အင်းစောင့်တွေက လေပေါ်ကိုပျံတက်သွားတာမြင်လိုက်ရတယ်။ အဲဒီအချိန် တောင်ကြောတစ်ခွင်ကနေ ကြက်သီးထဖွယ်ရယ်သံကြီးနဲ့အတူ
“ သင်တို့အဓိဌာန်ပျက်ပြီ… ဒါကြောင့် ဒီစေတီကို သင်တို့ထီးတော်တင်မရတော့ဘူး ဟားဟားဟား” ဆိုတဲ့အသံထွက်ပေါ်လာခဲ့ပြီး မှိုင်းညို့အုပ်ဆိုင်းကာ တစ်ဂျိမ်းဂျိမ်းဖြစ်နေတဲ့ကောင်းကင်ယံက ပြန်လည်ကြည်လင်လာခဲ့တယ်။
အောင်မြတ်သာလဲ ကြားလိုက်ရတဲ့အသံကြောင့် မျက်စိကိုစုံပိတ်ကာ သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး စင်္ကြန်ကိုသာပြီးဆုံးတဲ့ထိလျောက်နေလိုက်တယ်။ မျက်စိကိုမှိတ်ပြီး လျောက်နေတဲ့အချိန်အတွင်း တောင်ကြောမှာရှိတဲ့ နေရာအချို့ကနေ ဝမ်းနည်းပက်လက်ငိုကြွေးတဲ့အသံတွေအပြင် အုတ်တွေပြိုကျတဲ့အသံကိုပါကြားလိုက်ရတယ်။
အဓိဌာန်ပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ မိုးကြိုးထိလို့ လဲကျနေတဲ့ ပုဂ္ဂိုလ်ကို အင်းစမတွေနဲ့ ကုသပေးနေတဲ့ သက်ခိုင်နဲ့တောက်ရတို့ကိုမြင်လိုက်ရတဲ့အပြင် တစ်စစီပြိုပျက်နေတဲ့ စေတီကိုပါရင်နင့်ဖွယ်မြင်တွေ့လိုက်ရတယ်။
သက်ခိုင်နဲ့ တောက်ရတို့ကတော့ သူတို့အပြစ်ကိုသိတဲ့အတွက် တစ်ကိုယ်လုံးအညိုအမဲစွဲနေတဲ့ပုဂ္ဂိုလ်ကိုကုပေးပြီးတာနဲ့ အောင်မြတ်သာအရှေ့ကိုလာပြီး
“ ကျွန်တော်တို့ကြောင့် ဆရာရည်မှန်းချက်တွေပျက်စီးခဲ့ရတယ်ဆိုတာသိပါတယ်။ ဒါကြောင့် ဆရာပေးတဲ့အပြစ်ကို နောင်တမရပဲခံယူချင်ပါတယ်”
“ လူဆိုတာကိုယ့်အပြစ်ကိုယ်သိဖို့အရေးကြီးတယ်မဟုတ်လား.. မင်းတို့အနေနဲ့ အဓိဌာန်ကိုမဖျက်ဘူးဆိုရင် ငါတို့ကိုဝင်ကူညီတဲ့သူကဒီထက်ပိုနာကျင်ခံစားရမယ်၊ အခုလိုအဓိဌာန်ဖျက်လိုက်တော့ လပေါင်းများစွာအပင်ပန်းခံကြိုးစားခဲ့ရတဲ့အရာတစ်ခုပြိုပျက်ခဲ့ရပြီမဟုတ်လား… အင်း ကံကြမ္မာကဒီလိုဖြစ်လာဖို့အကြောင်းဖန်လာတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ… ဒီစေတီက ငါတို့လက်နဲ့ ထီးတင်ဖို့မထိုက်တန်သေးဘူးထင်ပါရဲ့”
“ ကျွန်တော်… ကျွန်တော်တို့အနေနဲ့ စေတီစောင့်ပုဂ္ဂိုလ်ခံစားနေရတာကိုမကြည့်ရက်လို့ အဓိဌာန်ဖျက်မိသွားတာပါ။ နောက်ပြီး အဓိဌာန်ဖျက်ရင် အခုလိုဖြစ်မယ်မှန်းတကယ်မသိခဲ့လို့ပါဆရာ..”
“ ဖြစ်ပြီးတာတွေ ပြန်ပြောလဲဘာမှထူးလာမှာမှမဟုတ်တာ.. အဆိုးထဲက အကောင်းတစ်ခုက စေတီစောင့်ပုဂ္ဂိုလ်ရဲ့နာကျင်မှုကိုလျော့ချပေးနိုင်ခဲ့တာပဲ.. ကဲကဲ ဒီညမှာတော့ သိုက်နန်းရှင်တွေက သူတို့အပ်ထားတဲ့ဌာပနာပစ္စည်းတွေပြန်လာယူကြမှာဖြစ်လို့ အသင့်ပြင်ထားကြ”
သက်ခိုင်နဲ့ တောက်ရကတော့ အုတ်ရိုးတွေတစ်စစီပြိုကျနေတဲ့စေတီကိုကြည့်ရင်း အံကိုကြိတ်ထားလိုက်ကြတယ်။
ညသန်းခေါင်အချိန်ရောက်တော့ သိုက်နန်းရှင်တွေက ညိုးငယ်တဲ့မျက်နှာထားတွေနဲ့ရောက်လာပြီး ဌာပနာပစ္စည်းတွေကိုပြန်ယူသွားခဲ့ကြတယ်။
အောင်မြတ်သာကတော့ ဌာပနာပစ္စည်းတွေကုန်သွားတာနဲ့ စေတီပျက်ရှေ့မှာ တင်ပလ္လင်ခွေထိုင်ပြီး တရားမှတ်နေခဲ့ရာ အရုဏ်တက်ချိန်ထိရောက်လာခဲ့တယ်။ အဲဒီအချိန်
“ စိတ်မပျက်နဲ့လူလေး… လောကမှာ အမှားအမှန်ဆိုတာ ဒွန်တွဲနေတတ်တာပဲမဟုတ်လား… လူလေးမလုပ်နိုင်ခဲ့တဲ့အရာကို နောင်လာမယ့် နှစ်ပေါင်းခြောက်ဆယ်အတွင်းမှာ လုပ်နိုင်မယ့်သူတစ်ယောက်ပေါ်လာလိမ့်မယ်။ အခုတော့ အချိန်မကျသေးဘူးလို့သဘောထားပါ။ အခုတော့ လူလေးရဲ့တပည့်တွေနဲ့အတူ တဝဂူထဲကိုမျက်စိလည်လမ်းမှားရောက်သွားတဲ့ ကိုရင်သုံးပါးကိုကယ်တင်ပါ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
တရားဖြုတ်ပြီးတဲ့အချိန်မှာတော့ သက်ခိုင်နဲ့ တောက်ရတို့က အောင်မြတ်သာရှေ့မှာဒူးထောက်ပြီး
“ ကျွန်တော်တို့နှစ်ယောက် ဆရာအမိန့်မရပဲ ထင်ရာစိုင်းခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ကျွန်တော်တို့ ကိုယ့်ကိုကိုယ်သုံးသပ်ဆင်ခြင်ဖို့ ဆရာအနားကနေ ထွက်သွားခွင့်ပေးပါ” လို့ပြောလိုက်ပေမယ့် အောင်မြတ်သာက မကြားဟန်ပြုပြီး
“ ခုနက တရားထိုင်နေတုန်း တဝဂူထဲကိုဝင်ပြီးလမ်းပျောက်နေတဲ့ကိုရင်သုံးပါးကိုကယ်တင်ဖို့ တာဝန်ပေးခဲ့တယ်… ဒါကြောင့် မင်းတို့နှစ်ယောက်က တောင်အောက်ရောက်တာနဲ့ တဝဂူအကြောင်းသေချာစုံစမ်းဖို့ ပြင်ဆင်ထားကြ” လို့ပြောပြီး ထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရလဲ သူတို့ကို အပြစ်မပြောပဲ နောက်ထပ်တာဝန်တစ်ခုကိုပါပေးလိုက်တဲ့ဆရာဖြစ်သူစကားကြောင့် မျက်လုံးတွေအရောင်တောက်လာပြီး ဘေးမှာချထားတဲ့လွယ်အိတ်ကိုလွယ်ကာ အနောက်ကနေပြေးလိုက်သွားခဲ့ကြတယ်။
(စကားချပ်။ ဒီကိစ္စတွေဖြစ်ပြီး နှစ်ပေါင်းခြောက်ဆယ်အကြာမှာတော့ အင်းတော်ကြီးဂိုဏ်းဝင်ဆရာတစ်ယောက်က ဦးဆောင်ဦးရွက်ပြုပြီး စေတီကိုအသစ်ပြန်လည်မွမ်းမံကာ ထီးတော်ကိုအောင်မြင်စွာတင်နိုင်ခဲ့ပါတယ်။ အဲဒီစေတီကတော့ ယခုအခါ မွန်ပြည်နယ်၊ မုတ္တမမြို့၊မော်လမြိုင်-ရန်ကုန်ကားမကြီးဘေး၊ မောင်းတစ်လုံးတောင်ပေါ်တွင် တည်ရှိပါတယ်)
နောက်အပုဒ်မှာတော့ ဂူထဲဝင်ပြီးပျောက်ကွယ်သွားတဲ့ ကိုရင်သုံးပါးကို အောင်မြတ်သာတို့ ဘယ်လိုရှာဖွေမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် တဝဂူစောင့်နတ်ပြိတ္တာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ေမာင္းတစ္လုံးေတာင္ “(စ/ဆံုး)
————————————————————

ႏွစ္ေပါင္းမ်ားစြာမျပဳျပင္ပဲထားခဲ့တဲ့ တန္ေဆာင္းတစ္ခုအတြင္းကေန ဖေယာင္းတိုင္မီးအလင္းေရာင္ မွိန္ျပျပက သူ႔အထြာနဲ႔သူအလင္းဓါတ္ကိုေပးေနခဲ့တယ္။ ဖေယာင္းတိုင္မီးအလင္းေရာင္ေၾကာင့္ အေမွာင္ထုကိုခိုၿပီး တြယ္ကပ္ေနၾကတဲ့ လင္းႏို႔ေတြရဲ႕ေအာ္ျမည္သံကလဲ တိတ္ဆိတ္တဲ့ညအခ်ိန္အခါမွာ ရံဖန္ရံခါထြက္ေပၚလာခဲ့တယ္။
လူရိပ္လူေျခမရွိ တိတ္ဆိတ္ေျခာက္ကပ္ေနတဲ့ တန္ေဆာင္းထဲမွာေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးေယာက္ကၿငိမ္သက္စြာထိုင္ၿပီး သမထကိုျမင့္သထက္ျမင့္ေအာင္ အားထုတ္ေနခဲ့ရာ ခႏၶာကိုယ္မွာရွိတဲ့ေမႊးညႇင္းႏုေလးေတြရဲ႕လႈပ္ရွားမႈကအစ သတိထားမိလာတဲ့အဆင့္ထိေရာက္လာခဲ့တယ္။ အဲဒီအခ်ိန္ …
“ တရားျဖဳတ္ၿပီးတာနဲ႔ ေတာင္ဘက္စူးစူးကိုသြားပါ… ထမင္းအိုးသုံးလုံးခ်က္ေလာက္သြားၿပီးတာနဲ႔ အုတ္က်ိဳးအပ်က္ေတြအတိျဖစ္ေနတဲ့ေစတီပ်က္တစ္ဆူကိုျမင္ရလိမ့္မယ္၊ ေစတီပ်က္ကိုေတြ႕ရင္ သူ႔ေဘးလမ္းကေန ေတာင္ေပၚကိုဆက္တက္ပါ..ေတာင္ေပၚေရာက္ရင္ ဆရာအဆက္ဆက္တည္လို႔မရခဲ့တဲ့ ေစတီတစ္ဆူကိုေတြ႕ေအာင္ရွာၿပီး သာသနာျပဳပါလူေလး” ဆိုတဲ့အသံကိုရွင္းလင္းျပတ္သားစြာၾကားလိုက္ရတယ္။
ေအာင္ျမတ္သာလဲ ၾကားလိုက္ရတဲ့အသံကို စိတ္ထဲမွတ္ထားၿပီး တရားျဖဳတ္ၿပီးတဲ့အခ်ိန္ေရာက္ေတာ့ တပည့္ႏွစ္ေယာက္ကိုအက်ိဳးအေၾကာင္းေျပာျပကာ ေတာင္ဘက္စူးစူးဆီကိုထြက္လာခဲ့ၾကတယ္။
ရာသီစက္ဝန္းက ေဆာင္းရာသီဘက္ကိုလွည့္ၿပီျဖစ္တဲ့အတြက္ အ႐ုဏ္တက္ခ်ိန္မွာ အတားအဆီးမဲ့စြာက်ဆင္းေနတဲ့ႏွင္းမႈန္ေတြကိုအံတုၿပီး ခရီးဆက္လာခဲ့ရာ ေညာင္ညိဳပင္ေအာက္မွာ မီးေမႊးၿပီးအေၾကာ္ေရာင္းေနတဲ့ လမ္းေဘးဆိုင္တစ္ခုနားကိုေရာက္လာခဲ့တယ္။
“ ငါ့တူတို႔ အေၾကာ္ေလးအားေပးသြားပါဦး… အခုမွဆိုင္စထြက္တာဆိုေတာ့ ေစ်းဦးေပါက္အေနနဲ႔ အေၾကာ္ေတြပိုထည့္ေပးပါမယ္”
အနက္ေရာင္ကေန အျဖဴေရာင္သို႔ကူးေျပာင္းစျပဳေနတဲ့ ဆံပင္ကို တစ္ပတ္လွ်ိဳထုံးၿပီး ခ်ည္ေစာင္ကိုၿခဳံထားတဲ့ အေၾကာ္သည္မိန္းမႀကီးစကားေၾကာင့္ ေအာင္ျမတ္သာ ေရွ႕ဆက္မသြားေတာ့ပဲ ခုံပုေလးေတြခ်ထားတဲ့စားပြဲဝိုင္းမွာဝင္ထိုင္လိုက္တယ္။
“ ဘာအေၾကာ္ေတြမ်ားစားၾကမလဲကြယ့္…အရီးဆိုင္မွာေတာ့ ၾကက္သြန္ေၾကာ္၊ ပုစြန္စာ႐ြက္ေၾကာ္နဲ႔ ဘူးသီးေၾကာ္ေတြရပါတယ္”
“ အေၾကာ္စုံ ႏွစ္ပြဲပဲခ်ေပးပါအရီး… “
ေအာင္ျမတ္သာစကားေၾကာင့္ ဆိုင္ရွင္မိန္းမႀကီးက အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့အေၾကာ္ေတြကိုပန္းကန္နဲ႔ထည့္ၿပီးလာခ်ေပးရင္း
“ ငါတူတို႔အသံနားေထာင္ရတာ ဒီအရပ္ကမဟုတ္သလိုပဲ.”
“ က်ဳပ္တို႔က အညာဘက္ကလာၾကတာပါ… ဒါနဲ႔ ဒီအနီးတစ္ဝိုက္မွာ ေစတီပ်က္တစ္ဆူရွိတယ္ဆိုတာဟုတ္လား အရီး”
“ ေအာ္ ေစတီပ်က္က ေရွ႕ကလွည္းလမ္းအတိုင္းဆက္သြားရင္ ေတြ႕ပါလိမ့္မယ္… လူေလးတို႔က ေစတီပ်က္ကိုရွာၿပီး ဘာလုပ္မလို႔လဲ”
အေၾကာ္သည္မိန္းမႀကီးစကားေၾကာင့္ ေတာက္ရက လြယ္အိတ္ထဲကေန ပုတီးကုံးကိုထုတ္ျပလိုက္ၿပီး
“ က်ဳပ္တို႔က နယ္တကာလွည့္ၿပီး အဓိဌာန္ဝင္ေနၾကတဲ့သူေတြျဖစ္လို႔ ေမးၾကည့္တာပါ”
“ သာဓု သာဓု သာဓုပါကြယ္… အသက္ေလးေတြကလဲငယ္ ဘုရားတရားလဲလုပ္ဆိုေတာ့ အားက်မိပါတယ္.. အရီးတို႔ကေတာ့ စားဝတ္ေနေရးအတြက္႐ုန္းကုန္ေနဆဲမို႔ စိတ္ထဲရွိတိုင္းမလုပ္ႏိုင္ေသးပါဘူး… ကဲကဲ အေၾကာ္ေတြမေအးခင္စားလိုက္ၾကပါဦး”
ေအာင္ျမတ္သာတို႔လဲ ေရွ႕မွာရွိတဲ့အေၾကာ္ေတြကို စားၿပီးတာနဲ႔ က်သင့္ေငြကိုရွင္းကာ ထြက္လာခဲ့ၾကတယ္။ လွည္းလမ္းအတိုင္းနာရီဝက္ေလာက္လမ္းေလ်ာက္ၿပီးခ်ိန္မွာေတာ့ အုတ္က်ိဳးအပ်က္ေတြပုံထားသလိုျဖစ္ေနတဲ့ ေစတီပ်က္တစ္ဆူကိုျမင္လိုက္ရတယ္။
“ ဆရာ ဒါကေစတီပ်က္ပဲျဖစ္မယ္.. ကြၽန္ေတာ္တို႔ ဒီအနီးနားမွာ ေတာင္ေပၚတက္လို႔ရမယ့္လမ္းရွိမရွိရွာၾကည့္လိုက္ပါဦးမယ္”
သက္ခိုင္နဲ႔ေတာက္ရက ေစတီပ်က္ေဘးမွာရွိေနတဲ့ ၿခဳံႏြယ္ေတြကို သစ္ကိုင္းေျခာက္ေတြနဲ႔ေဝွ႔ယမ္းၿပီး လမ္းရွာဖို႔ထြက္သြားတဲ့အခ်ိန္ ေအာင္ျမတ္သာကေတာ့ စိမ္းညိဳ႕အုပ္မႈိင္းေနတဲ့ ေတာင္ေပၚကို စူးစိုက္ၾကည့္ေနခဲ့တယ္။
ကြမ္းတစ္ယာညက္ေလာက္ၾကာေတာ့ သက္ခိုင္နဲ႔ေတာက္ရတို႔ျပန္ေရာက္လာၿပီး
“ ေတာင္ေပၚကိုတက္တဲ့လူသြားလမ္းတစ္ခုေတာ့ေတြ႕တယ္ဆရာ… ဒီလမ္းက မသုံးတာၾကာလို႔ထင္တယ္ ၿခဳံေတြနဲ႔ပိတ္ေနတာ အေတာ္ရွင္းယူလိုက္ရတယ္”
“ လမ္းလဲေတြ႕ၿပီဆိုေတာ့ ေတာင္ေပၚကိုတက္ၾကရေအာင္.. အခုငါတို႔ရွာေနတဲ့ ေစတီပ်က္က ဆရာအဆက္ဆက္ တည္လို႔မရခဲ့ဘူးလို႔သိရတယ္… ဒါေၾကာင့္ ေတာင္ေပၚစတက္တာနဲ႔ သတိဝိရိယထားၾကပါ”
ေအာင္ျမတ္သာလဲ သက္ခိုင္နဲ႔ေတာက္ရကို သတိထားဖို႔မွာၾကားၿပီး ေတာင္ေပၚကိုစတက္ခဲ့ၾကတယ္။ သစ္ရိပ္ဝါးရိပ္ေတြေကာင္းတဲ့ ေတာင္ျဖစ္တဲ့အတြက္ ေအးျမလတ္ဆတ္တဲ့ေလႏုေအးေတြက ဘက္ေပါင္းစုံကေန တိုးေဝွ႔တိုက္ခတ္ေနၾကသလို အခ်မ္းဓါတ္ကလဲ ပိုလာခဲ့တယ္။
လူႏွစ္ေယာက္ ေဘးခ်င္းယွဥ္သြားလို႔ေတာင္မရတဲ့ ေတာက္တက္လမ္းက်ဥ္းေလးကို တစ္နာရီေလာက္ ခက္ခက္ခဲခဲတက္ၿပီးတဲ့အခ်ိန္ထိ ေစတီပ်က္နဲ႔တူတာဆိုလို႔ ဘာမွမေတြ႕ရတဲ့အျပင္ ေတာေတာင္ကလဲ နက္သထက္နက္လာတာမို႔ အျခားေတာေကာင္ေတြရဲ႕အႏၲရာယ္ကိုလဲပိုၿပီးသတိထားခဲ့ၾကရတယ္။
“ ငါတို႔မ်က္စိလည္ေနၿပီနဲ႔တူတယ္… သက္ခိုင္”
ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္က ေဘးဘီကို ၾကည့္လိုက္ရာ
“ မဟုတ္ပါဘူးဆရာ.. ဒီေနရာကြၽန္ေတာ္တို႔မေရာက္ခဲ့ဘူးေလ”
“ မေရာက္ခဲ့တာမွန္တယ္… ဒါေပမယ့္ ငါတို႔ရွာေနတဲ့ ေစတီပ်က္ကိုမေတြ႕ေအာင္ တစ္စုံတစ္ေယာက္ကလွည့္စားထားသလိုခံစားေနရတယ္”
ေအာင္ျမတ္သာစကားအဆုံးမွာ ေတာင္ခါးပန္းအကြယ္ကေန ကြမ္းသီးလုံးေလာက္ရွိတဲ့ပုတီးကိုလည္ပင္းမွာခ်ိတ္ကာဝတ္ျဖဴစင္ၾကယ္ဝတ္ထားတဲ့ ပုဂၢိဳလ္တစ္ပါးထြက္လာၿပီး
“ သင္တို႔က ေမာင္းတစ္လုံးေစတီပ်က္ကိုလိုက္ရွာေနတဲ့သူေတြလား”
“ ဟုတ္ပါတယ္ သင္ကေရာ ဘယ္သူပါလဲ”
“ က်ဳပ္နာမည္က ဖိုးစံလွပါ.. ဒီေတာင္ေၾကာမွာရွိတဲ့ သေျပပင္မွာေနပါတယ္”
“ ဒါျဖင့္ က်ဳပ္တို႔ကို ေစတီပ်က္ ဘယ္နားမွာရွိလဲေျပာျပေပးႏိုင္မလား”
“ ေစတီပ်က္ကိုလာရွာတဲ့ ဆရာေတြအေတာ္မ်ားမ်ား အႀကံစည္ေတြမေအာင္ျမင္ပဲ ေနာက္လွည့္ျပန္ၾကရတာမ်ားလို႔ သင္တို႔ရဲ႕အခ်ိန္ေတြမကုန္ေအာင္ ဒီကေန လွည့္ျပန္သြားၾကပါလို႔အႀကံျပဳပါတယ္”
“ ေကာင္းပါၿပီ ဖိုးစံလွ… သင္အႀကံေပးတာကိုေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ က်ဳပ္တို႔က ဂိုဏ္းရဲ႕အထက္ဆရာႀကီးေတြအမိန္႔နဲ႔ေစတီပ်က္ကိုရွာၿပီး သာသနာျပဳရမွာျဖစ္လို႔ မေတြ႕မခ်င္း ေနာက္မလွည့္ပါဘူး”
“ က်ဳပ္အေနနဲ႔ ေစတီပ်က္ကိုလာရွာတဲ့သူတိုင္းကို ကူညီႏိုင္တဲ့ဘက္က အေကာင္းဆုံးကူညီေပးခဲ့သလို သင္တို႔ကိုလဲကူညီေပးပါမယ္… က်န္တာကေတာ့ သင္တို႔ရဲ႕ ဥာဏ္ပညာစြမ္းနဲ႔ေျဖရွင္းၾကပါ”
“ ဒါျဖင့္ သင္က်ဳပ္တို႔ကို ကူညီႏိုင္မယ့္အရာကို ေစာင့္ေမွ်ာ္ေနပါတယ္”
ေအာင္ျမတ္သာစကားအဆုံးမွာ ဖိုးစံလွက
“ ဒီေတာင္ကို ေမာင္းတစ္လုံးေစတီကိုအစြဲျပဳၿပီး ေမာင္းတစ္လုံးေတာင္တို႔ေခၚၾကတယ္။ ေတာင္ေၾကာကိုေတာ့ အပိုင္းႏွစ္ပိုင္းခြဲထားၿပီး အခုသင္တို႔ေရာက္ေနတာက ေတာင္အေနာက္ေၾကာပါ။ ေမာင္းတစ္လုံးေစတီပ်က္ကေတာ့ ေတာင္ရဲ႕အေရွ႕ေၾကာမွာရွိတယ္လို႔ ၾကားဖူးနားဝရွိခဲ့ေပမယ့္ က်ဳပ္တို႔ေတာင္မဖူးျမင္ႏိုင္ေသးပါဘူး.. ဒါေၾကာင့္ သင္တို႔အေနနဲ႔ ေစတီပ်က္ကိုရွာဖို႔ေတာင္အေရွ႕ေၾကာကိုသြားရပါမယ္”
“ ဒါဆိုရင္ ေစတီပ်က္က ေတာင္အေရွ႕ေၾကာမွာ ရွိတယ္ဆိုတာ ေသခ်ာတာေပါ့”
“ ေသခ်ာပါတယ္… ေစတီပ်က္လာရွာသူတိုင္းကို က်ဳပ္အေနနဲ႔လမ္းၫႊန္ခဲ့ေပမယ့္ အခုခ်ိန္ထိ ဘယ္သူမွမဖူးျမင္ခဲ့ရဘူး… သင္တို႔အေနနဲ႔ ေတာင္အေရွ႕ေၾကာမွာ လမ္းေပ်ာက္ခဲ့ရင္ က်ဳပ္နာမည္ကိုတလိုက္ပါ.. ေတာင္ေျခေရာက္တဲ့ထိ လမ္းျပေပးပါ့မယ္”
“ ေက်းဇူးတင္ပါတယ္ ဖိုးစံလွ… က်ဳပ္တို႔ေစတီပ်က္ကိုရွာေတြ႕တဲ့အခါ ဦးဆုံးဖူးေမွ်ာ္ဖို႔ သင့္ကို ေခၚလိုက္ပါမယ္”
ေအာင္ျမတ္သာစကားအဆုံးမွာ ဖိုးစံလွက ေတာင္ရဲ႕အေရွ႕ဘက္ကိုလက္ညိဳးၫႊန္ျပၿပီး ေတာင္ခါးပန္းအေနာက္ကိုဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။
“ ဆရာ ခုနက ဖိုးစံလွေျပာသလိုဆိုရင္ ဒီေစတီက အေတာ္ကိုထူးဆန္းတာပဲ… “
“ ဟုတ္တယ္ သက္ခိုင္… သူေျပာတဲ့စကားအရ ေတာင္အေရွ႕ေၾကာကိုပိုင္တဲ့သူေသခ်ာေပါက္ရွိရမယ္.. အခုေနေရာင္လဲရလာၿပီဆိုေတာ့ အခ်ိန္မလင့္ခင္ ခရီးဆက္ၾကရေအာင္”
ေအာင္ျမတ္သာတို႔လဲ ေတာင္ရဲ႕အေရွ႕ဘက္ဆီကို တစ္ေ႐ြ႕ေ႐ြ႕ခရီးဆက္လာခဲ့ရာ ဝါးမင္းပင္ေတြထူထပ္စြာေပါက္ေနတဲ့ေနရာကိုေရာက္ေတာ့ ရာသီဥတုက႐ုတ္တရက္ပူေႏြးလာတာကိုသတိထားမိခဲ့တယ္။ အစပိုင္းမွာေတာ့ ကိုယ္လက္လႈပ္ရွားလို႔ ပူလာတယ္ထင္ခဲ့ေပမယ့္ အပူရွိန္ကတစ္ေျဖးေျဖးျမင့္လာတဲ့အတြက္ စိတ္ထဲမသကၤာေတာ့
ပဲ ေျခလွမ္းေတြကိုရပ္လိုက္ၾကတယ္။
“ ေနလဲမထြက္ေသးပဲ ႐ုတ္တရက္ပူလာသလိုခံစားမိတယ္ဆရာ… “
သက္ခိုင္က လြယ္အိတ္ကိုခြၽတ္ၿပီး နဖူးမွာစို႔ေနတဲ့ေခြၽးစေတြကိုလက္နဲ႔သပ္ကာေျပာလိုက္ေတာ့ ေတာက္ရက
“ ဝါးမင္း႐ုံနားမေရာက္ခင္အထိေအးပါေသးတယ္… အဲေနရာေက်ာ္လာမွ ပူလာတာ”လို႔ဝင္ေျပာကာ သက္ခိုင္စကားကိုေထာက္ခံခဲ့တယ္။
“ ဒါျဖင့္ ဝါးမင္း႐ုံမေရာက္ခင္ေနရာကိုျပန္သြားၾကည့္ရင္ အေျဖသိရလိမ့္မယ္… ေတာက္ရ မင္းေနာက္ကိုျပန္လွည့္လိုက္… “
ေအာင္ျမတ္သာစကားေၾကာင့္ ေတာက္ရက သြက္လက္စြာနဲ႔ အေနာက္ကိုေျပးသြားၿပီး ဝါးမင္း႐ုံအေက်ာ္လဲေရာက္ေရာ
“ ဒီဘက္မွာ ေအးတာမွ စိမ့္ေနတာဆရာေရ… ဆရာတို႔ရပ္ေနတဲ့ဘက္မွာပဲ ပူေနတာ” ဆိုၿပီးေျပာလိုက္တာေၾကာင့္ ေအာင္ျမတ္သာ တစ္ခုခုကိုေတြးမိၿပီး ေတာက္ရကိုျပန္လာဖို႔ေခၚလိုက္တယ္။
“ ဆရာ ထူးေတာ့ထူးေနၿပီေနာ္”
“ ဟုတ္တယ္ … ငါတို႔ေတာင္ ေဆာင္းရာသီျဖစ္ေနလို႔ သတိထားမိခဲ့တာ.. ေႏြဘက္ေတြရွာမိရင္ ေနေၾကာင့္ပူတယ္လို႔ပဲထင္မိမွာ။ ဒါေၾကာင့္ လာသမွ်ဆရာေတြ ၾကာရွည္မေနႏိုင္ပဲ လက္ေလ်ာ့ၾကတာျဖစ္မယ္”
“ ကြၽန္ေတာ္တို႔ေရာ ဘာဆက္လုပ္ၾကမလဲဆရာ “
“ မၾကာခင္ အေအးဓါတ္က ေလ်ာ့လာေတာ့မွာျဖစ္လို႔ အခ်ိန္မေႏွာင္းခင္ ဘာေၾကာင့္ပူေနရတယ္ဆိုတာကိုအေျဖရွာဖို႔လိုတယ္.. “
ေအာင္ျမတ္သာက စကားအဆုံးမွာ သမာဓိကိုစုစည္းၿပီး ပတ္ဝန္းက်င္ကိုၾကည့္လိုက္ရာ ေရေႏြးေငြ႕ေတြလို အခိုးေငြ႕ေတြကိုျမင္လိုက္ရတယ္။
“ ေတာင္အေရွ႕ပိုင္းေရာက္မွ အခိုးေငြ႕ေတြလႊတ္ထုတ္ေနတဲ့ပုံအရ ဒီအနီးတစ္ဝိုက္မွာ ေစတီပ်က္ေသခ်ာေပါက္ရွိရမယ္.. သက္ခိုင္နဲ႔ ေတာက္ရ..”
“ ဗ်ာ ဆရာ”
“ မင္းတို႔ႏွစ္ေယာက္လဲ အျမင္အာ႐ုံကိုဖြင့္ၿပီး ၾကည့္ဖို႔လိုေနၿပီ… ဒီေနရာကို ငါတို႔လာတာမႀကိဳက္တဲ့သူက အပူေငြ႕ေတြကိုထုတ္ၿပီး ျပန္လွည့္ေအာင္လုပ္ေနတာ”
ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ ႏွစ္ေယာက္လုံး သမထအားေတြကိုစုစည္းၿပီးၾကည့္လိုက္တဲ့အခ်ိန္
“ ဆရာ … ကြၽန္ေတာ္ႏွာေခါင္းထဲမွာ ညႇီနံ႔လိုလို စိမ္း႐ႊင္႐ႊင္အနံ႔လိုလိုရေနတယ္… ဒီအနံ႔က နဂါးစိမ္းေတြရဲ႕ကိုယ္ကထြက္တဲ့အနံ႔နဲ႔တူသလိုပဲ”
ေတာက္ရစကားေၾကာင့္ေအာင္ျမတ္သာက အခိုးေငြ႕ေတြထြက္တဲ့ဘက္ကိုၾကည့္ၿပီး
“ ေတာက္ရေျပာတာျဖစ္ႏိုင္တယ္… ဒီအခိုးေငြ႕ေတြထုတ္ႏိုင္တာဆိုလို႔ သူတို႔မ်ိဳးႏြယ္ေတြပဲရွိတာမဟုတ္လား”
“ ဆရာ အနံ႔က ဒီဘက္ကေနလာတာ … ကြၽန္ေတာ္တို႔သြားၾကည့္ရေအာင္”
ေတာက္ရက အနံ႔လာရာဘက္ကို အာ႐ုံခံရင္း ေတာထဲကိုတစ္ေျဖးေျဖးဝင္သြားခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ ေတာက္ရသြားတဲ့ေနာက္ကိုလိုက္သြားရာ တစ္မိုင္ေလာက္အကြာအေဝးေရာက္ေတာ့ ညီညာျပန္႔ျပဴးေနတဲ့ ကြင္းျပင္တစ္ခုကိုျမင္လိုက္ရတယ္။
“ အနံ႔က ဒီနားမွာ အေတာ္ျပင္းတယ္ဆရာ… ေနာက္ၿပီး ေတာနက္အတြင္းမွာ ဒီကြင္းျပင္ရွိေနတာလဲထူးဆန္းေနတယ္”
“ ဟုတ္တယ္ … အျခားေျမႀကီးေပၚမွာ အပင္ငယ္ေလးေတြေပါက္ေနေပမယ့္ ဒီကြင္းျပင္ေပၚမွာေတာ့ ျမက္တစ္ပင္ေတာင္မရွိတာ အံ့ဩစရာပဲ… ကဲ မၾကာခင္အျဖစ္မွန္ကိုသိေအာင္ ေဖာ္ထုတ္ရေတာ့မွာပဲ.. မင္းတို႔ႏွစ္ေယာက္က နဂါးပတ္ေက်ာ့အင္းကို အသင့္အေနအထားလုပ္ထား.. ငါအမိန္႔ျပန္လို႔ ထူးျခားတာျမင္တာနဲ႔အသက္သြင္းေပေတာ့”
ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ နဂါးပတ္ေက်ာ့အင္းကို အသက္သြင္းဖို႔အသင့္ျပင္ကာေစာင့္ေနခဲ့တယ္။
“ ကြၽႏ္ုပ္သည္ အထက္ဆရာႀကီးမ်ားရဲ႕ အမိန္႔အရ ဤအရပ္ေဒသကို သာသနာျပဳရန္လာေရာက္ျခင္းျဖစ္ပါသည္။ ကြၽႏ္ုပ္၏စိတ္အစဥ္သည္ မေကာင္းမႈကိုျပဳလုပ္ရန္ ဆံခ်ည္တစ္မွ်င္စာမွ်မရွိပါ။ ဤသစၥာစကားေၾကာင့္ ကြၽႏ္ုပ္၏ေရွ႕တြင္တားဆီးပိတ္ပင္ထားတဲ့အရာမွန္သမွ် ေလျပင္းနဲ႔ထိေတြ႕တဲ့ျမဴမႈန္ေတြလို အေဝးလႊင့္သို႔လႊင့္ပယ္ၿပီး မူလအတိုင္းျဖစ္တည္ေစသား” လို႔သစၥာဆိုလိုက္ရာ ကြင္းျပင္ေပၚမွာ ေခြၿပီးပါးပ်ဥ္းမိုးထားတဲ့ နဂါးစိမ္းတစ္ေကာင္ရဲ႕႐ုပ္သြင္ေပၚလာခဲ့တယ္။
သက္ခိုင္တို႔လဲ နဂါးစိမ္းကိုျမင္တာနဲ႔ အင္းကိုအသက္သြင္းၿပီးဖမ္းရာ နဂါးစိမ္းခဗ်ာထြက္ေျပးခ်ိန္ေတာင္မရပဲ နဂါးပတ္ေက်ာ့အင္းထဲမွာပိတ္မိပါေလေရာ။
“ လတ္စသတ္ေတာ့ ဒင္းက ေစတီပ်က္ကို ခႏၶာကိုယ္နဲ႔ရစ္ပတ္ၿပီး လာရွာတဲ့သူေတြမေတြ႕ေအာင္ဖန္တီးထားတာကိုး… ကဲ .. အခုကစၿပီး အသင္အေနနဲ႔ မူလ႐ုပ္သြင္ဖန္ဆင္းၿပီး ဘာေၾကာင့္ေစတီကိုဖုံးကြယ္ထားရတယ္ဆိုတာ ေျပာေစ… ကလန္ကဆန္လုပ္ပါက နဂါးပတ္ေက်ာ့အင္းထဲမွာပါတဲ့ ႀကိဳးေတြကအသားထဲ တစ္ရစ္ရစ္တိုးဝင္ၿပီး နာက်င္မႈကိုခံစားရေစ” လို႔ေျပာလိုက္ေတာ့မွ ႀကီးမားတဲ့ခႏၶာကိုယ္အသြင္ကေန သင္တိုင္းအၤက်ီနဲ႔ေတာင္ရွည္ပုဆိုးကိုဝတ္ထားတဲ့အသက္ေျခာက္ဆယ္အ႐ြယ္ေယာက်ၤားတစ္ေယာက္အျဖစ္ေျပာင္းသြားခဲ့တယ္။
နဂါးပတ္ေက်ာ့အင္းမွာမိေနတဲ့သူရဲ႕ ခႏၶာကိုယ္ကသာအသက္ေျခာက္ဆယ္ေက်ာ္ထင္ရေပမယ့္ မ်က္ႏွာကေတာ့ ၁၆ႏွစ္သားတစ္ေယာက္လိုႏုပ်ိဳေနခဲ့တယ္။
“ က်ဳပ္က သင္တို႔လက္ခုပ္ထဲကေရျဖစ္ေနတဲ့အတြက္ ဘာမွလုပ္မရေတာ့ဘူး.. ဒါေပမယ့္ ဒီေစတီပ်က္ကို ထိခိုက္ေစမယ့္ကိစၥမ်ိဳးဆိုရင္ေတာ့ အသားဘယ္ေလာက္ပင္နာေစပါေစ က်ဳပ္ႏႈတ္ကေန တစ္ခြန္းမွထြက္လာမယ္မထင္ပါနဲ႔”
ေၾကာက္ျခင္း႐ြံ႕ျခင္းမရွိပဲ တည္ၿငိမ္စြာေျပာလိုက္တဲ့စကား​ကိုၾကားေတာ့ ေအာင္ျမတ္သာက ေလးနက္စြာၿပဳံးလိုက္ၿပီး
“ သင္ကိုအခုလိုဖမ္းခ်ဳပ္ထားရတယ္ဆိုတာကလဲ အေျခအေနအရျဖစ္သြားတာပါ.. က်ဳပ္တို႔ကလဲ မလိုအပ္ပဲ ဘယ္သူ႔ကိုမွထိခိုက္ေအာင္မလုပ္ပါဘူး။ သင့္ကို အသက္နဲ႔ထပ္တူ ကတိေပးႏိုင္တာက က်ဳပ္တို႔က ကိုယ္က်ိဳးအတြက္ ဒီေစတီပ်က္ကိုလာရွာတာမဟုတ္ဘူးဆိုတာပဲ”
“ ဒါျဖင့္ရင္ ႏွစ္ေပါင္းရာနဲ႔ခ်ီေပ်ာက္ကြယ္ေနတဲ့ ဒီေစတီကို ဘာေၾကာင့္လာရွာရတာလဲ”
“ က်ဳပ္တို႔က သူေတာ္ေကာင္းလမ္းစဥ္ကိုက်င့္ႀကံေနတဲ့သူေတြျဖစ္တဲ့အတြက္ ထြက္ရပ္ေပါက္အထက္ဆရာႀကီးေတြရဲ႕မိန္႔ၾကားခ်က္ကိုအေထာင္အထည္ေဖာ္ဖို႔ ဒီကိုေရာက္လာတာပါ။ ဒီေစတီက မၾကာမီအခ်ိန္အတြင္း ခုႏွစ္ရက္သားသမီးေတြ လာေရာက္ဖူးေမွ်ာ္ၾကမွာျဖစ္လို႔ အခုလို အုတ္ပုံသာသာအျမင္မ်ိဳးမရွိရေအာင္ က်ဳပ္တို႔က ဝင္ေရာက္ကုသိုလ္ယူဖို႔ေရာက္လာရျခင္းျဖစ္ပါတယ္”
“ က်ဳပ္က ဒီေစတီကို ေစာင့္ေရွာက္ရတဲ့ ေတာင္ေစာင့္နဂါးမင္းျဖစ္တဲ့အတြက္ က်ဳပ္တာဝန္အရ သင္တို႔ဟာ ေစတီေတာ္တည္မယ့္သူေတြတည္ရမယ့္ ကတိသစၥာကိုေစာင့္ထိန္းႏိုင္ပါ့မလားဆိုတာ သံသယဝင္မိတယ္”
“ အသင္နဂါးမင္းအေနနဲ႔ က်ဳပ္တို႔အေပၚသံသယရွိတယ္ဆိုရင္ ႀကိဳက္ရာနည္းလမ္းျဖင့္ စမ္းသပ္လို႔ရပါတယ္၊ အခု အသင္နဂါးမင္းကိုယ္ေပၚမွာ ခ်ဳပ္ေႏွာင္ထားတဲ့ ေက်ာ့ကြင္းကိုလဲေျဖေလ်ာ့ေပးလိုက္ပါမယ္”
ေအာင္ျမတ္သာကေျပာၿပီးတာနဲ႔ အင္းကိုျပန္သိမ္းၿပီးအခ်ဳပ္အေႏွာင္ေတြကိုဖယ္ရွားေပးခဲ့တယ္။ နဂါးမင္းလဲ အခ်ဳပ္အေႏွာင္ကလြတ္တာနဲ႔ ေစတီပ်က္ရဲ႕ဌာပနာတိုက္အတြင္းမွာရွိတဲ့ေမာင္းတစ္လုံးကိုထုတ္ယူလာၿပီး
“ ဒီအရာက ေစတီရဲ႕ဌာပနာပစၥည္းပဲ.. ဒီေမာင္းရဲ႕ပတ္ပတ္လည္မွာတန္ဖိုးျဖတ္မႏိုင္တဲ့ ရတနာပစၥည္းေတြနဲ႔ စီျခယ္ထားတဲ့အျပင္ ေမာင္းအလယ္မွာရွိတဲ့ ဘုအတြင္းမွာေတာ့ အင္းဝိဇၨာတစ္ပါးရဲ႕ မေနမယသိဒၶိအင္းကိုျမဳပ္ႏွံထားတယ္.. ဒါေၾကာင့္ ဒီပစၥည္းကိုလိုခ်င္ၾကတဲ့ ေလာဘသားေတြနဲ႔ ဂိုဏ္းဆရာအေတာ္မ်ားမ်ားရဲ႕လက္ကလြတ္ေအာင္ က်ဳပ္ရဲ႕အစြမ္းနဲ႔ကြယ္ေဖ်ာက္ထားရတာပဲ”
“ ဒီအတြက္ကိုေတာ့ သင္စိတ္ခ်စြာယုံၾကည္ႏိုင္ပါတယ္၊ က်ဳပ္တို႔အေနနဲ႔ ဒီေစတီကိုအသစ္ျပန္လည္မြမ္းမံၿပီးတဲ့အခ်ိန္ထိသာ ေတာင္ေပၚမွာေနၿပီး ထီးေတာ္တင္တဲ့ေန႔မွာ ဒီအရပ္ကေနစြန္႔ခြါမယ္လို႔ကတိျပဳပါတယ္”
ေအာင္ျမတ္သာစကားအဆုံးမွာ ဘုရားေစာင့္နဂါးမင္းက ေပလႊာနဲ႔ေရးထားတဲ့စာတစ္ခ်ပ္ကိုအက်ႌထဲကေနထုတ္ယူၿပီး
“ ဒီေပလႊာထဲမွာ ေစတီတည္မယ့္သူေတြ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြရွိပါတယ္.. ဒီစည္းကမ္းခ်က္နဲ႔မညီပဲ ေစတီကိုျပဳျပင္ရင္ ဦးေဆာင္သူပဲနစ္နာမွာျဖစ္လို႔ ဖတ္ၾကည့္ေပးပါ” လို႔ေျပာၿပီး ေပလႊာကိုကမ္းေပးခဲ့တယ္။
ေအာင္ျမတ္သာလဲ ေပလႊာကိုကမ္းယူလိုက္ခ်ိန္မွာေတာ့ အေရွ႕မွာရပ္ေနတဲ့ပုဂၢိဳလ္က ဖ်တ္ခနဲေပ်ာက္ကြယ္သြားခဲ့တယ္။ အဲဒီအခ်ိန္မွာမွ ေအးျမတဲ့ေလႏုေအးေတြ တိုးဝင္လာၿပီး ပူေလာင္အိုက္စပ္တဲ့ေလေငြ႕ေတြ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားခဲ့တယ္။
+++++++++++
ေပလႊာအထဲမွာေတာ့
“ ေမာင္းတစ္လုံးေစတီကို သီလသိကၡာသမာဓိျပည့္စုံတဲ့ အင္းဝိဇၨာဆရာႀကီးေ႐ႊေမာင္းမွ ဝိဇၨာအတတ္ပညာတို႔ျဖင့္စီရင္ၿပီး တည္ထားခဲ့ပါသည္။ ဤအခ်င္းအရာကိုသိရွိသည့္ ဝါရီ႐ူးမင္းက ရတနာအတိစီခ်ယ္ထားသည့္ အတုဗလေမာင္းေတာ္ကိုဌာပနာထည့္သြင္းပူေဇာ္ခဲ့ပါသည္။ ေစတီေတာ္ကိုမသမာသူမ်ားခိုးယူဖ်က္ဆီးျခင္းမျပဳႏိုင္ေအာင္ တားဆီးရန္ ေတာင္ေၾကာမွာေနထိုင္တဲ့ နတ္နဂါးမ်ိဳးႏြယ္ေတြကို တာဝန္ေပးအပ္ခဲ့ပါသည္။
ေစတီေတာ္ခ်ိဳ႕ယြင္းပ်က္စီးခဲ့သည္ရွိေသာ္ ပဌာန္းဆက္ရွိသူသာ ဤေနရာသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ရွိ ကုသိုလ္ျပဳႏိုင္ေစရန္ က်ဳပ္ကိုယ္တိုင္ သစၥာျပဳတိုင္တည္အပ္ပါသည္။ ပဌာန္းဆက္ရွိသူမ်ား ေစတီကိုျပဳျပင္မြမ္းမံရာတြင္ ေအာက္ပါအခ်က္မ်ားအတိုင္း လိုက္နာက်င့္သုံးရန္ႏွင့္ ကတိသစၥာေဖာက္ဖ်က္ပါက ကုန္းလမ္းသြား ကုန္းေဘး၊ ေရလမ္းသြားေရေဘးႀကဳံေတြပါေစသား-
(၁) ေစတီျပဳျပင္ရာတြင္ သီလမစင္ၾကယ္သူမ်ားရဲ႕လုပ္အားကိုအသုံးမျပဳရန္။
(၂) ေစတီအရစ္တစ္ဆင့္ၿပီးပါက ၇ရက္အဓိဌာန္ဝင္ၿပီး ေတာေစာင့္နတ္ေတာင္ေစာင့္နတ္မ်ားကိုပင့္ဖိတ္ေမတၱာပို႔ရန္။
(၃) ဌာပနာပစၥည္းမ်ားကို စိတ္နဲ႔ပင္ ပစ္မွားျခင္းမရွိရန္” ဆိုတဲ့အခ်က္ေတြေရးသားထားတာကိုျမင္လိုက္ရတယ္။
ေအာင္ျမတ္သာတို႔လဲ ေစတီကိုျပဳျပင္ရာမွာ လိုက္နာရမယ့္အခ်က္ေတြကိုသိၿပီးေနာက္မွာေတာ့ အုတ္ပုံသာသာျဖစ္ေနတဲ့ ေစတီေပၚမွာ အလင္းတိုင္ အေမႊးတိုင္ထြန္းကာ ေဝေနယ်သတၱဝါေတြအေပၚေမတၱာပို႔အမွ်တန္းေဝျခင္းအမႈကို စတင္ျပဳလုပ္ခဲ့တယ္။
ညခ်မ္းအခ်ိန္ေရာက္ေတာ့ ေစတီရွိရာကြင္းျပင္ဘက္ကို ဖိုးစံလွတစ္ေယာက္ ဆင္ျဖဴစီးၿပီးေရာက္လာတယ္ေ႐ြ။
“ ဆရာေလးတို႔က ဒီေစတီနဲ႔ ပဌာန္းဆက္ရွိတာပဲ… ဒါေၾကာင့္ ေတာင္ေစာင့္နဂါးမင္းကိုယ္တိုင္အေလ်ာ့ေပးခဲ့ရတာကိုး”
ဆင္ျဖဴေပၚကေန လွမ္းေျပာလိုက္တဲ့ ဖိုးစံလွစကားေၾကာင့္ ေအာင္ျမတ္သာက စၾကၤန္ေလ်ာက္ေနတာကိုရပ္လိုက္ၿပီး
“ ေစတီကိုရွာေတြ႕ခဲ့ေပမယ့္ ျပန္လည္ျပဳျပင္ဖို႔ကအခက္အခဲရွိေနေသးတယ္အဖိုး”
ဖိုးစံလွက ဦးေခါင္းကိုငုံခ်ေပးေနတဲ့ ဆင္းဦးကင္းေပၚကေန လမ္းေလ်ာက္ဆင္းလာၿပီး
“ ဆရာေလးတို႔က ေစတီျပဳျပင္ဖို႔ လုပ္အားေတြ ပစၥည္းေတြမရွိလို႔ စိတ္ညစ္ေနတာလား”
“ ဟုတ္ပါတယ္ အဖိုး”
“ ဒါမ်ိဳးျဖစ္မယ္ဆိုတာသိလို႔ က်ဳပ္ေရာက္လာတာပါ.. အခုဆိုရင္ ဆရာေလးတို႔ ေမာင္းတစ္လုံးေစတီကို မြမ္းမံၿပီး ထီးေတာ္အသစ္တင္မယ္ဆိုတဲ့သတင္းက ေတာင္ေၾကာတစ္ေၾကာလုံးပ်ံ႕​ေဒါကိုဝမ္းသာတဲ့သူေတြရွိသလို မနာလိုတဲ့ နတ္ဆိုးေတြလဲရွိေနၾကတယ္။ လုပ္အားအတြက္ကိုေတာ့ စိတ္မပူနဲ႔ လာမယ့္လျပည့္ေန႔ေရာက္ရင္ ဆရာေလးတို႔ဆီကို ဧည့္သည္ေတြလာၾကလိမ့္မယ္။ သူတို႔လာရင္ ဆရာေလးတို႔သတိထားေနာ္ .. “
အဖိုးစံလွက ေအာင္ျမတ္သာကို ရယ္က်ဲက်ဲမ်က္ႏွာထားနဲ႔ေျပာၿပီး ေစတီကိုဖူးေမွ်ာ္ကာျပန္ထြက္သြားခဲ့တယ္။ ဒီလိုနဲ႔ သုံးရက္ေျမာက္ေန႔ညမွာေတာ့ ေစတီရဲ႕အေနာက္ဘက္ျခမ္းကေန မိန္းမသုံးေယာက္တက္လာတာကို လေရာင္နဲ႔လွမ္းျမင္လိုက္ရတယ္။
မိန္းမသုံးေယာက္က ေအာင္ျမတ္သာနဲ႔ ငါးေပေလာက္အကြာကိုေရာက္ေတာ့ ထိုင္ခ်လိုက္ၿပီး ေစတီကိုဦးစြာကန္ေတာ့လိုက္တယ္။ ၿပီးေတာ့မွ လက္ထဲမွာဝတ္ထားတဲ့ ေ႐ႊလက္ေကာက္ေတြကို တစ္ခြၽင္ခြၽင္ျမည္ေအာင္လႈပ္ရမ္းၿပီး
“ ဆရာေလးတို႔ ေစတီမြမ္းမံဖို႔အတြက္ ညီမေတာ္တို႔ပိုင္ဆိုင္တဲ့ပစၥည္းအခ်ိဳ႕လာလႉတာပါ” လို႔ေျပာကာ လက္မွာဝတ္ထားတဲ့ လက္ေကာက္ေတြကိုခြၽတ္ကာ ပုံထားလိုက္တယ္။
“ သင္တို႔က ဘယ္သူေတြမ်ားလဲ”
“ ကြၽန္မတို႔က ဒီေတာင္ေၾကာနဲ႔ဆက္စပ္ေနတဲ့ ေတာင္ေတြမွာေနၾကပါတယ္။ မႀကီး မလတ္ မငယ္ဆိုရင္ အနီးနားက လူေတြသိပါတယ္ရွင့္”
“ ေအာ္ လက္စသတ္ေတာ့ သင္တို႔က ဥစၥာေစာင့္မေလးေတြပဲ… သင္တို႔အေနနဲ႔ ေစတီထီးေတာ္တင္တဲ့အခါ လာေရာက္ၿပီး သာဓုေခၚဖို႔ဖိတ္ၾကားပါတယ္”
“ လာရမွာေပါ့ရွင္ ဆရာငယ္ငယ္ေခ်ာေခ်ာေလးေတြ ဦးစီးတဲ့ပြဲပဲ မလတ္တို႔က ေသခ်ာေပါက္လာရမွာေပါ့”
ညီအစ္မသုံးေယာက္ထဲမွာ ရဲတင္းလြန္တဲ့ မလတ္ရဲ႕စကားေၾကာင့္ ေဘးမွာရွိေနတဲ့ ညီအစ္မႏွစ္ေယာက္က အခ်င္းခ်င္းလက္တို႔ၿပီး
“ မလတ္က အစေနာက္သန္လို႔ပါဆရာတို႔ေဗြမယူပါနဲ႔ေနာ္.. ဆရာတို႔ေစတီမြမ္းမံဖို႔အတြက္ သီလျပည့္စုံတဲ့ပဌာန္းဆက္ေတြကိုအေၾကာင္းၾကားထားပါတယ္။ ဒါေၾကာင့္ဆရာတို႔ ရည္မွန္းခ်က္လဲအျမန္ျပည့္မွာပါ” လို႔ေျပာကာ ျပန္ထြက္သြားခဲ့ၾကတယ္။
+++++
ညီအစ္မသုံးေယာက္လာၿပီး ႏွစ္ရက္ေျမာက္ေန႔မွာေတာ့ အုတ္ေတြသဲေတြကို တစ္ႏိုင္တစ္ပိုင္ထမ္းပိုးၿပီးတက္လာၾကတဲ့ လူအခ်ိဳ႕ကိုျမင္လိုက္ရတယ္။
“ ဒီကမိတ္ေဆြေတြက ေစတီပ်က္ကိုျပန္လည္မြမ္းမံမယ့္သူေတြလား”
ကြမ္းတစ္ၿမဳံ႕ၿမဳံ႕စားရင္း ေမးလိုက္တဲ့ လူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက ယာယီေဆာက္ထားတဲ့ ဝါးတဲရဲ႕အျပင္ဘက္ကိုထြက္လိုက္ၿပီး
“ ဒီက မိတ္ေဆြေတြက ေစတီပ်က္ရွိေၾကာင္း ဘယ္လိုသိၾကတာလဲ”
“ ညကအိမ္မက္ထဲမွာ ေမာင္းတစ္လုံးေတာင္ေပၚမွာ ေစတီတစ္ဆူျပဳျပင္ဖို႔ သူေတာ္ေကာင္းေတြေရာက္ေနတယ္… သူတို႔မွာ လုပ္အားနဲ႔ ေစတီျပဳျပင္ဖို႔ပစၥည္းေတြလိုအပ္ေနတယ္ဆိုၿပီး လာေျပာလို႔ ဟုတ္ေသာ္ရွိမဟုတ္​ေသာ္ရွိ တက္ၾကည့္မယ္ဆိုၿပီးထြက္လာခဲ့တာ။ လမ္းတစ္ဝက္ေရာက္ေတာ့ က်ဳပ္လိုအိမ္မက္မက္ၿပီးလာတဲ့သူေတြနဲ႔ထပ္ဆုံေတြ႕ခဲ့တာပဲ”
“ ဝမ္းသာလိုက္တာဗ်ာ… သင္တို႔က ဒီေစတီနဲ႔ပဌာန္းဆက္ရွိတဲ့သူေတြပဲ… လာၾကလာၾက”
ေအာင္ျမတ္သာတို႔လဲ အိမ္မက္အရေရာက္လာၾကတဲ့သူေတြဆီမွာပါလာတဲ့ ပစၥည္းေတြကို ေနရာခ်ၿပီး ေစတီအပ်က္မွာတြယ္ကပ္ေနတဲ့ ေရညႇိနဲ႔အမႈိက္သ႐ိုက္ေတြကို သန္႔ရွင္းတဲ့အမႈကိုစတင္ခဲ့တယ္။
ဒီလိုနဲ႔ ေန႔တိုင္းေန႔တိုင္က္အရလာေရာက္လႉဒါန္းၿပီး လုပ္အားဒါနျပဳတဲ့သူေတြအျပင္ ပဌာန္းဆက္ပါတဲ့ ပုဂၢိဳလ္အခ်ိဳ႕လဲပါဝင္ကာ လုပ္အားေပးခဲ့ၾကတယ္။ ေစတီကိုလာေရာက္တဲ့သူေတြထဲမွာ သီလမလုံတဲ့သူေတြပါလာရင္ေတာ့ ေတာင္ေပၚမွာလမ္းေပ်ာက္ၿပီး ေစတီဆီကိုမေရာက္ျဖစ္တဲ့ျဖစ္ရပ္မ်ိဳးေတြလဲႀကဳံေတြ႕ခဲ့ရတယ္။
ေစတီရဲ႕ဖိနပ္ေတာ္(ဘုရား၏စိတ္အႀကံျဖစ္ခဲ့ေသာ ၇သေခ်ၤကိုရည္ၫႊန္းပါသည္)ၿပီးစီးတဲ့အခ်ိန္မွာေတာ့ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ ဆရာတပည့္ေတြခုႏွစ္ရက္အဓိဌာန္ဝင္ခဲ့ၾကတယ္။ အဓိဌာန္ၿပီးေျမာက္တဲ့ေန႔မွာေတာ့ ဖိုးစံလွေရာက္လာၿပီး
“ ဆရာေလးတို႔ အဓိဌာန္ေအာင္ျမင္တဲ့အထိမ္းအမွတ္အေနနဲ႔ မနက္ျဖန္က်ရင္ သိုက္နန္းရွင္ေတြကိုယ္တိုင္လုပ္အား လာေပးၾကမယ္… သူတို႔လာရင္ ဌာပနာပစၥည္းေတြပါလာမွာမို႔ သာမန္လူသားေတြမျမင္ႏိုင္ေအာင္ ဆရာေလးတို႔ စီမံထားေပးပါဦး” ဆိုတဲ့သတင္းစကားကိုသယ္ေဆာင္လာခဲ့တယ္။
ဖိုးစံလွေျပာတဲ့အတိုင္း ေနာက္တစ္ေန႔မနက္အ႐ုဏ္တက္တာနဲ႔ ႐ုပ္ရည္ေခ်ာေမာလွပတဲ့ ေယာက်ၤားမိန္းမေပါင္းမ်ားစြာေရာက္လာၿပီး ေစတီရဲ႕ဒုတိယအဆင့္ျဖစ္တဲ့ ပန္းတင္ခုံ(ဘုရားျဖစ္ရန္ဆုေတာင္းခဲ့ေသာ၉သေခ်ၤကိုရည္ၫႊန္းပါသည္)ျဖစ္လာေအာင္ လုပ္အားေပးခဲ့ၾကတယ္။ အဲဒီေန႔မွာေတာ့ လူေတြေရာ သိုက္နန္းရွင္ေတြပါ အတူပူးတြဲ ကုသိုလ္ယူခဲ့ၾကတယ္။ ေန႔လည္ထမင္းစားခ်ိန္ေရာက္ေတာ့ သာမန္လူေတြက မိမိတို႔မွာပါတဲ့ စားစရာေတြကိုထုတ္စားၿပီးအနားယူေနတဲ့အခ်ိန္ သိုက္နန္းရွင္ေတြကေတာ့ ေအာင္ျမတ္သာတို႔ရွိတဲ့ တဲကိုလာၿပီး တန္ဖိုးမျဖတ္ႏိုင္တဲ့ ေက်ာက္သံပတၱျမားေတြကိုဌာပနာပစၥည္းအျဖစ္ထည့္လႉခဲ့ၾကတယ္။
ေအာင္ျမတ္သာကေတာ့ ဌာပနာထည့္ဖို႔ရထားတဲ့ ရတနာပစၥည္းေတြကို စုပုံၿပီး
“ ဤရတနာပစၥည္းမ်ားသည္ ေနာင္ပြင့္မယ့္ျမတ္စြာဘုရားအားရည္စူး၍ လႉဒါန္းထားသည့္အတြက္ စိတ္သေဘာ႐ိုးေျဖာင့္သူေတြသာလွ်င္ ပကတိအရွိတိုင္းျမင္ႏိုင္ပါေစသား” လို႔အဓိဌာန္ျပဳကာ တဲအတြင္းမွာပင္ စုပုံထားရွိခဲ့တယ္”
ဒီလိုနဲ႔ ေစတီရဲ႕ပထမပစၥယာ=(ပါရမီျဖည့္က်င့္ခဲ့ေသာ ေလးသေခ်ၤႏွင့္ ကမာၻတစ္သိန္းကို ရည္းၫႊန္းသည္)၊ဒုတိယပစၥယာ(ဒါန အစရွိေသာ ဥပပါရမီ(၁၀)ပါးကို ရည္ၫႊန္းသည္)၊တတိယပစၥယာ(ဒါန အစရွိေသာ ပရမတၳပါရမီ (၁၀)ပါးကို ရည္ၫႊန္းသည္)၊ ၾကည္ဝန္း(၅)ခု(စြန္႔ျခင္းႀကီး (၅)ပါးကို ရည္ၫႊန္းသည္)၊ ရွစ္ေျမႇာင့္(မဂၢင္ (၈) ပါးကို ရည္ၫႊန္းသည္)၊ ေပါင္ရန္(စရိယ (၃) ပါးကို ရည္ၫႊန္းသည္)၊ေခါင္းေလာင္း(ဓမၼစည္ႀကီး ႐ိုက္တီး မည္ဟီးေတာ့မည္ဟူေသာ ေႂကြးေၾကာ္သံေပၚလာသည္ကို ရည္ၫႊန္းသည္)၊ ခါးစည္း(သီလ / သမာဓိ / ပညာ သိကၡာ(၃) ပါးကို ရည္ၫႊန္းသည္)၊ သပိတ္ေမွာက္(ကိေလသာကိုပယ္ေသာ ပဟာန (၅) ပါးကို ရည္ၫႊန္းသည္)၊ပန္းဆြဲ(၁၆)ခု(ဝိပႆနာဉာဏ္စဥ္ (၁၆) ပါးကို ရည္ၫႊန္းသည္) ေဖာင္းရစ္(၇)ခု (ဘုရားရွင္၏ ျမတ္ေသာအက်င့္ျဖစ္သည့္ ေဗာဇၩင္ (၇) ပါးကို ရည္ၫြန္းသည္)၊ ၾကာေမွာက္(ဤကမာၻသည္ ဘုရားပြင့္ေသာ ကမာၻျဖစ္၍ ၾကာအထိမ္းမွတ္ေပၚသည္။ ယခု ဘုရားပြင့္ေတာ္ မူမည္ျဖစ္၍ ဒုကၠရစရိယာ က်င့္ေနသည္ကို ရည္ၫႊန္းသည္)၊ၾကာပြင့္ (၁၈) ခ်ပ္(အာေဝဏိက ဂုဏ္ေတာ္ (၁၈) ပါးရေတာ္မူလတၱံကို ရည္ၫႊန္းသည္)၊
႐ြဲလုံး (၁၈) လုံး(အာေဝဏိကဉာဏ္ေတာ္ (၁၈) ပါး ရရွိေတာ္မူသည္ကို ရည္ၫႊန္းသည္)၊ၾကာလန္(ဘုရားပြင့္ေတာ္မူသည္ကို ရည္ၫႊန္းသည္)၊ၾကာႏု(ဘုရားျဖစ္ခါနီးတြင္ အာသဝကၡယဉာဏ္ စသည့္ ဉာဏ္ေတာ္မ်ား ရရွိလာသည္ကို ရည္ၫႊန္းသည္)၊ၾကာဖူး(ငွက္ေပ်ာဖူး) (ပြင့္ဆဲျဖစ္ေသာ ၾကာဖူးကဲ့သို႔ ဉာဏ္ေတာ္မ်ား ရင့္က်က္ၿပီး ဘုရားအျဖစ္သို႔ ေရာက္ေတာ့မည့္ အေျခအေနကို ရည္ၫႊန္းသည္)အထိ ျပန္လည္မြမ္းမံႏိုင္ခဲ့ၿပီး ေနာက္ဆုံးအဆင့္အေနနဲ႔ ထီးေတာ္တင္ဖို႔သာက်န္ရွိေနခဲ့တယ္။
ေအာင္ျမတ္သာတို႔လဲ ေနာက္ဆုံးအဆင့္က်န္ရွိေနတဲ့ ထီးေတာ္တင္ဖို႔အတြက္ အဓိဌာန္၇ရက္ဝင္ေနခဲ့ရာ ေနာက္ဆုံးရက္လဲေရာက္ေရာ ေကာင္းကင္တစ္ခုလုံး အခ်ိန္မဟုတ္အခါမဟုတ္ မိုးသားေတြတစ္လိပ္လိပ္တက္လာကာ ေတာင္တစ္ခုလုံး မဲေမွာင္သြားခဲ့တာကိုျမင္လိုက္ရတယ္။
“ ငါတို႔ရဲ႕ ေအာင္ျမင္မႈကိုမနာလိုရႈစိမ့္တဲ့သူေတြက ထီးေတာ္မတင္ျဖစ္ေအာင္ ဖ်က္လိုဖ်က္စီးလုပ္ၾကေတာ့မယ္ထင္တယ္”
ေစတီေဘးမွာ စၾကၤန္ေလ်ာက္ေနရင္းေျပာလိုက္တဲ့ ေအာင္ျမတ္သာရဲ႕စကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရက
“ ကြၽန္ေတာ္တို႔ကေတာ့ ဆရာခိုင္းတာလုပ္ဖို႔အသင့္ပါပဲ… ဘာလုပ္ရမလဲဆိုတာေျပာပါ”
“ ေလာေလာဆယ္ေတာ့ ေမတၱာသာ ႏိုင္ႏိုင္ပို႔ထားပါ… ငါတို႔က ေကာင္းတဲ့အမႈကိုလုပ္ေနတဲ့သူေတြျဖစ္လို႔ ေစတီနဲ႔ပဌာန္းဆက္ပါတဲ့ နတ္ေကာင္းနတ္ျမတ္ေတြက တားဆီးေပးမယ္လို႔ယုံၾကည္တယ္”
ေအာင္ျမတ္သာအေနနဲ႔ အဓိဌာန္ဝင္ေနတဲ့ကာလအတြင္း ပညာစြမ္းေတြကိုထုတ္မသုံးတတ္တာ သိထားတဲ့ သက္ခိုင္နဲ႔ ေတာက္ရက အေျခအေနကိုသေဘာေပါက္ၿပီး ေမတၱာကိုသာ ထပ္တလဲလဲပြါးမ်ားေနခဲ့ၾကတယ္။
ေကာင္းကင္တစ္ခြင္လဲ လွ်ပ္စီးေတြလက္ မိုးႀကိဳးေတြ တစ္ဝုန္းဝုန္းတစ္ဒိုင္းဒိုင္းနဲ႔ ပစ္ခတ္ေတာ့မယ့္အလား ျဖစ္ေပၚလာသလို မိုးစက္မိုးေပါက္အခ်ိဳ႕ကလဲ ေလအေဝွ႔မွာ လြင့္ပါလာခဲ့တယ္။ အဲဒီအခ်ိန္ လွည္းဘီးအ႐ြယ္ေလာက္ရွိတဲ့ နဂါးစိမ္းတစ္ေကာင္က ေစတီဘက္ကိုလြင့္ပါးလာတဲ့ မိုးေငြ႕မိုးရိပ္ေတြကို သူ႔ရဲ႕အျမႇီးနဲ႔႐ိုက္ထုတ္ၿပီး ရွင္းလင္းေနတာကို ျမင္ေတြ႕လိုက္ရတယ္။
“ ဆရာ … ဟိုမွာ ျမင္ေနရတဲ့ နဂါးစိမ္းက မိုးေငြ႕ေတြကို အျမႇီးနဲ႔႐ိုက္ထုတ္ေနပါလား”
“ အိမ္း သူ႔တာဝန္က ေစတီကိုေစာင့္ေရွာက္ရမယ္ဆိုတာ ပါေနလို႔ ႏိုင္တဲ့ဘက္ကေန ဝင္ကူတာျဖစ္မွာပါ”
ေအာင္ျမတ္သာစကားမဆုံးခင္မွာပဲ မႈိင္းညိဳ႕ေနတဲ့ တိမ္တိုက္ေတြၾကားထဲကေန ထြက္လာတဲ့ လွ်ပ္စီးတစ္ျပက္က နဂါးစိမ္းရဲ႕ကိုယ္ေပၚကို တည့္မတ္စြာထိမွန္သြားခဲ့တယ္။
“ ဂ်ိမ္း ဒလိန္း….”
ေျမႀကီးေတြပါတုန္ခါသြားတဲ့ထိျပင္းထန္ခဲ့တဲ့ မိုးႀကိဳးဒဏ္ေၾကာင့္ နဂါးစိမ္းသ႑ာန္ကေန လူအသြင္ေျပာင္းၿပီး ေစတီပရဝဏ္အတြင္းကိုျပဳတ္က်လာကာ ဆက္တငင္ငင္ ျဖစ္ေနခဲ့တယ္။
ေအာင္ျမတ္သာလဲ အဓိဌာန္မျပည့္ေသးတာမို႔ က်လာတဲ့ ပုဂၢိဳလ္ကို ဂ႐ုဏာသက္တဲ့မ်က္လုံးနဲ႔ပဲၾကည့္ကာ ေစတီကို ပတ္ၿပီးစၾကၤန္ထပ္ေလ်ာက္ေနခဲ့တယ္။ အဲဒီအခ်ိန္ ေဘးမွာရွိေနတဲ့ သက္ခိုင္နဲ႔ ေတာက္ရက စၾကၤန္ေလ်ာက္ေနတာကိုျဖဳတ္ၿပီး အင္းေစာင့္ပုဂၢိဳလ္ေတြကိုပင့္လိုက္ပါေလေရာ။
ေအာင္ျမတ္သာလဲ သက္ခိုင္နဲ႔ ေတာက္ရတို႔ အဓိဌာန္ပ်က္ၿပီဆိုတာသိလို႔ လွည့္ၾကည့္လိုက္တဲ့အခ်ိန္ ဓါးလွံလက္နက္ေတြကိုင္ေဆာင္ထားတဲ့ အင္းေစာင့္ေတြက ေလေပၚကိုပ်ံတက္သြားတာျမင္လိုက္ရတယ္။ အဲဒီအခ်ိန္ ေတာင္ေၾကာတစ္ခြင္ကေန ၾကက္သီးထဖြယ္ရယ္သံႀကီးနဲ႔အတူ
“ သင္တို႔အဓိဌာန္ပ်က္ၿပီ… ဒါေၾကာင့္ ဒီေစတီကို သင္တို႔ထီးေတာ္တင္မရေတာ့ဘူး ဟားဟားဟား” ဆိုတဲ့အသံထြက္ေပၚလာခဲ့ၿပီး မႈိင္းညိဳ႕အုပ္ဆိုင္းကာ တစ္ဂ်ိမ္းဂ်ိမ္းျဖစ္ေနတဲ့ေကာင္းကင္ယံက ျပန္လည္ၾကည္လင္လာခဲ့တယ္။
ေအာင္ျမတ္သာလဲ ၾကားလိုက္ရတဲ့အသံေၾကာင့္ မ်က္စိကိုစုံပိတ္ကာ သက္ျပင္းရွည္တစ္ခ်က္ကိုခ်လိုက္ၿပီး စၾကၤန္ကိုသာၿပီးဆုံးတဲ့ထိေလ်ာက္ေနလိုက္တယ္။ မ်က္စိကိုမွိတ္ၿပီး ေလ်ာက္ေနတဲ့အခ်ိန္အတြင္း ေတာင္ေၾကာမွာရွိတဲ့ ေနရာအခ်ိဳ႕ကေန ဝမ္းနည္းပက္လက္ငိုေႂကြးတဲ့အသံေတြအျပင္ အုတ္ေတြၿပိဳက်တဲ့အသံကိုပါၾကားလိုက္ရတယ္။
အဓိဌာန္ၿပီးလို႔ မ်က္လုံးဖြင့္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ မိုးႀကိဳးထိလို႔ လဲက်ေနတဲ့ ပုဂၢိဳလ္ကို အင္းစမေတြနဲ႔ ကုသေပးေနတဲ့ သက္ခိုင္နဲ႔ေတာက္ရတို႔ကိုျမင္လိုက္ရတဲ့အျပင္ တစ္စစီၿပိဳပ်က္ေနတဲ့ ေစတီကိုပါရင္နင့္ဖြယ္ျမင္ေတြ႕လိုက္ရတယ္။
သက္ခိုင္နဲ႔ ေတာက္ရတို႔ကေတာ့ သူတို႔အျပစ္ကိုသိတဲ့အတြက္ တစ္ကိုယ္လုံးအညိဳအမဲစြဲေနတဲ့ပုဂၢိဳလ္ကိုကုေပးၿပီးတာနဲ႔ ေအာင္ျမတ္သာအေရွ႕ကိုလာၿပီး
“ ကြၽန္ေတာ္တို႔ေၾကာင့္ ဆရာရည္မွန္းခ်က္ေတြပ်က္စီးခဲ့ရတယ္ဆိုတာသိပါတယ္။ ဒါေၾကာင့္ ဆရာေပးတဲ့အျပစ္ကို ေနာင္တမရပဲခံယူခ်င္ပါတယ္”
“ လူဆိုတာကိုယ့္အျပစ္ကိုယ္သိဖို႔အေရးႀကီးတယ္မဟုတ္လား.. မင္းတို႔အေနနဲ႔ အဓိဌာန္ကိုမဖ်က္ဘူးဆိုရင္ ငါတို႔ကိုဝင္ကူညီတဲ့သူကဒီထက္ပိုနာက်င္ခံစားရမယ္၊ အခုလိုအဓိဌာန္ဖ်က္လိုက္ေတာ့ လေပါင္းမ်ားစြာအပင္ပန္းခံႀကိဳးစားခဲ့ရတဲ့အရာတစ္ခုၿပိဳပ်က္ခဲ့ရၿပီမဟုတ္လား… အင္း ကံၾကမၼာကဒီလိုျဖစ္လာဖို႔အေၾကာင္းဖန္လာေတာ့လဲ ဘယ္တတ္ႏိုင္ပါ့မလဲ… ဒီေစတီက ငါတို႔လက္နဲ႔ ထီးတင္ဖို႔မထိုက္တန္ေသးဘူးထင္ပါရဲ႕”
“ ကြၽန္ေတာ္… ကြၽန္ေတာ္တို႔အေနနဲ႔ ေစတီေစာင့္ပုဂၢိဳလ္ခံစားေနရတာကိုမၾကည့္ရက္လို႔ အဓိဌာန္ဖ်က္မိသြားတာပါ။ ေနာက္ၿပီး အဓိဌာန္ဖ်က္ရင္ အခုလိုျဖစ္မယ္မွန္းတကယ္မသိခဲ့လို႔ပါဆရာ..”
“ ျဖစ္ၿပီးတာေတြ ျပန္ေျပာလဲဘာမွထူးလာမွာမွမဟုတ္တာ.. အဆိုးထဲက အေကာင္းတစ္ခုက ေစတီေစာင့္ပုဂၢိဳလ္ရဲ႕နာက်င္မႈကိုေလ်ာ့ခ်ေပးႏိုင္ခဲ့တာပဲ.. ကဲကဲ ဒီညမွာေတာ့ သိုက္နန္းရွင္ေတြက သူတို႔အပ္ထားတဲ့ဌာပနာပစၥည္းေတြျပန္လာယူၾကမွာျဖစ္လို႔ အသင့္ျပင္ထားၾက”
သက္ခိုင္နဲ႔ ေတာက္ရကေတာ့ အုတ္႐ိုးေတြတစ္စစီၿပိဳက်ေနတဲ့ေစတီကိုၾကည့္ရင္း အံကိုႀကိတ္ထားလိုက္ၾကတယ္။
ညသန္းေခါင္အခ်ိန္ေရာက္ေတာ့ သိုက္နန္းရွင္ေတြက ညိဳးငယ္တဲ့မ်က္ႏွာထားေတြနဲ႔ေရာက္လာၿပီး ဌာပနာပစၥည္းေတြကိုျပန္ယူသြားခဲ့ၾကတယ္။
ေအာင္ျမတ္သာကေတာ့ ဌာပနာပစၥည္းေတြကုန္သြားတာနဲ႔ ေစတီပ်က္ေရွ႕မွာ တင္ပလႅင္ေခြထိုင္ၿပီး တရားမွတ္ေနခဲ့ရာ အ႐ုဏ္တက္ခ်ိန္ထိေရာက္လာခဲ့တယ္။ အဲဒီအခ်ိန္
“ စိတ္မပ်က္နဲ႔လူေလး… ေလာကမွာ အမွားအမွန္ဆိုတာ ဒြန္တြဲေနတတ္တာပဲမဟုတ္လား… လူေလးမလုပ္ႏိုင္ခဲ့တဲ့အရာကို ေနာင္လာမယ့္ ႏွစ္ေပါင္းေျခာက္ဆယ္အတြင္းမွာ လုပ္ႏိုင္မယ့္သူတစ္ေယာက္ေပၚလာလိမ့္မယ္။ အခုေတာ့ အခ်ိန္မက်ေသးဘူးလို႔သေဘာထားပါ။ အခုေတာ့ လူေလးရဲ႕တပည့္ေတြနဲ႔အတူ တဝဂူထဲကိုမ်က္စိလည္လမ္းမွားေရာက္သြားတဲ့ ကိုရင္သုံးပါးကိုကယ္တင္ပါ” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။
တရားျဖဳတ္ၿပီးတဲ့အခ်ိန္မွာေတာ့ သက္ခိုင္နဲ႔ ေတာက္ရတို႔က ေအာင္ျမတ္သာေရွ႕မွာဒူးေထာက္ၿပီး
“ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဆရာအမိန္႔မရပဲ ထင္ရာစိုင္းခဲ့တဲ့အတြက္ ခြင့္လႊတ္ေပးဖို႔ေတာင္းဆိုပါတယ္။ကြၽန္ေတာ္တို႔ ကိုယ့္ကိုကိုယ္သုံးသပ္ဆင္ျခင္ဖို႔ ဆရာအနားကေန ထြက္သြားခြင့္ေပးပါ” လို႔ေျပာလိုက္ေပမယ့္ ေအာင္ျမတ္သာက မၾကားဟန္ျပဳၿပီး
“ ခုနက တရားထိုင္ေနတုန္း တဝဂူထဲကိုဝင္ၿပီးလမ္းေပ်ာက္ေနတဲ့ကိုရင္သုံးပါးကိုကယ္တင္ဖို႔ တာဝန္ေပးခဲ့တယ္… ဒါေၾကာင့္ မင္းတို႔ႏွစ္ေယာက္က ေတာင္ေအာက္ေရာက္တာနဲ႔ တဝဂူအေၾကာင္းေသခ်ာစုံစမ္းဖို႔ ျပင္ဆင္ထားၾက” လို႔ေျပာၿပီး ထြက္သြားခဲ့တယ္။
သက္ခိုင္နဲ႔ေတာက္ရလဲ သူတို႔ကို အျပစ္မေျပာပဲ ေနာက္ထပ္တာဝန္တစ္ခုကိုပါေပးလိုက္တဲ့ဆရာျဖစ္သူစကားေၾကာင့္ မ်က္လုံးေတြအေရာင္ေတာက္လာၿပီး ေဘးမွာခ်ထားတဲ့လြယ္အိတ္ကိုလြယ္ကာ အေနာက္ကေနေျပးလိုက္သြားခဲ့ၾကတယ္။
(စကားခ်ပ္။ ဒီကိစၥေတြျဖစ္ၿပီး ႏွစ္ေပါင္းေျခာက္ဆယ္အၾကာမွာေတာ့ အင္းေတာ္ႀကီးဂိုဏ္းဝင္ဆရာတစ္ေယာက္က ဦးေဆာင္ဦး႐ြက္ျပဳၿပီး ေစတီကိုအသစ္ျပန္လည္မြမ္းမံကာ ထီးေတာ္ကိုေအာင္ျမင္စြာတင္ႏိုင္ခဲ့ပါတယ္။ အဲဒီေစတီကေတာ့ ယခုအခါ မြန္ျပည္နယ္၊ မုတၱမၿမိဳ႕၊ေမာ္လၿမိဳင္-ရန္ကုန္ကားမႀကီးေဘး၊ ေမာင္းတစ္လုံးေတာင္ေပၚတြင္ တည္ရွိပါတယ္)
ေနာက္အပုဒ္မွာေတာ့ ဂူထဲဝင္ၿပီးေပ်ာက္ကြယ္သြားတဲ့ ကိုရင္သုံးပါးကို ေအာင္ျမတ္သာတို႔ ဘယ္လိုရွာေဖြမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ တဝဂူေစာင့္နတ္ၿပိတၱာဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။
ေလးစားစြာျဖင့္
ေဇယန(ရာမည)