သွေးသောက်ကျောက်လက်ဝါး

*သွေးသောက်ကျောက်လက်ဝါး*📖📖📖
*********

**********
ညဉ့်အမှောင်မှာ အင်းမရွာကြီးက တိတ်ဆိတ်ငြိမ်သက်နေတယ်။

တစ်ချက်တစ်ချက် အဝေးဆီက ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံတို့က ပတ်၀န်းကျင်ကို လွှမ်းမိုးထားလေရဲ့။

အဲ့ဒီ့အချိန် ရွာအစွန်ဆီက ဦးနီရဲ့ အိမ်ဆီမှာတော့…။

ဦးနီ တစ်ယောက် မီးဖိုခန်းထဲမှာ ကြက်တစ်ကောင်ကို လည်ချောင်းသွေးဖောက်ထုတ်ပြီး ခွက်နဲ့ ခံနေတယ်။

တအောင့်ကြာလို့ ကြက်သွေးတွေကုန်သွားချိန်ကျ ဦးနီက ကြက်သေကောင်ကို နံဘေးပစ်ချလိုက်ပြီး သွေးခွက်ကိုယူတယ်။ ပြီးတော့ အိမ်ရဲ့ အတွင်းခန်းဘက်ဆီကို လှမ်း၀င်သွားခဲ့တယ်။

အတွင်းခန်းဆီမှာတော့ ဖန်မီးအိမ်ရဲ့ မှိန်ပြပြ အလင်းရောင်းက ဖြန့်ကျက်ထားတယ်။

အဲ့ဒီ့မှန်ပြပြ အလင်းရောင်ကြောင့် အခန်းတစ်ခုလုံးကို သေသေချာချာ မြင်ရလေရဲ့။

လှံ၊ ဓား၊ မှန် စတဲ့ ရှေးဟောင်းပစ္စည်းတွေက အခန်းထဲမှာ နေရာအပြည့်။ တိရိစ္ဆာန်ရဲ့ အရိုးတွေလည်း ပါ၀င်တယ်။

ဒါတွေကို ဦးနီက နှစ်ပေါင်းများစွာ အချိန်ယူပြီး စုဆောင်းထားခဲ့တာ။ သူက ရှေးဟောင်းဂမ္ဘီရပစ္စည်းတွေ စုဆောင်းရတာ ဝါသနာ သိပ်ပါတယ်။

ဦးနီက အခန်းထဲကို ရောက်တာနဲ့ အခန်းအလယ်ခေါင်မှာ ရှိနေတဲ့ သေတ္တာကြီးတစ်လုံးဆီကို သွားလိုက်တယ်။ ဒီသေတ္တာကြီးကို ဒီနေ့မှ မြို့ပေါ်ကနေ သူ သယ်ဆောင်လာခဲ့တာ။

ဦးနီသေတ္တာကြီးကို လှပ်လိုက်တဲ့အခါကျ အထဲဆီမှာ ကောက်ရိုးတွေ အထပ်ထပ် ခင်းကျင်းထားတာကို တွေ့လိုက်ရတယ်။

ကောက်ရိုးတွေကို ဖယ်လိုက်တဲ့အခါကျ လူတစ်ယောက်ရဲ့ လက်ဝါးသဏ္ဍာန် အသွင်ဆန်းဆန်းနဲ့ ကျောက်လက်ဝါးကြီးတစ်ခု။

” ကဲ…အခုကစပြီး ငါက မင်းရဲ့ သခင်ဖြစ်သွားပြီ။ မင်းကို ငါ အစာကျွေးမယ်။ မင်းက ငါခိုင်းတာကို လုပ်ရမယ်…”

ဦးနီက ရေရွတ်လိုက်တယ်။ ပြီးတာနဲ့ ကြက်သွေးတွေကို အဲ့ဒီ့ကျောက်လက်ဝါးကြီးအပေါ်ဆီကို ဖြန်းချလိုက်တယ်။

အံ့သြဖို့ကောင်းပါရဲ့…။

ကျောက်လက်ဝါးကြီးအပေါ်တင်မက ကောက်ရိုးတွေဆီကိုပါ စွတ်စိုသွားခဲ့တဲ့ ကြက်သွေးတွေဟာ ခဏအတွင်းမှာပဲ ကျောက်လက်ဝါးကြီးရဲ့ စုပ်ယူမှုကြောင့် ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

ဒါကို ကြည့်ပြီး ဦးနီတစ်ယောက်ကတော့ အကျေနပ်ကြီး ကျေနပ်လို့ ပြုံးနေမိလေရဲ့။

*******

အမှောင်ယံကို အားပြုပြီးတော့ ရွာအစွန်က ဦးနီရဲ့အိမ်ဆီကို ချဉ်းကပ်လာနေတဲ့ လူတစ်စုရှိနေတယ်။

သူတို့က တစ်ဖက်ရွာက သာမောင်ဦးဆောင်တဲ့ လူစုပဲ။

သူတို့က နယ်တကြောမှာ သောင်းကျန်းနေတဲ့ ဓားပြတွေဖြစ်ပြီး အခုက ရေဆိပ်ဆီက လှေသမား ငပျော့ရဲ့ ပြောပြမှုကြောင့် ဦးနီရဲ့ အိမ်ဆီကို ဓားပြတိုက်ဖို့ ရောက်လာကြတာ။

” သေချာတယ်နော် ငပျော့…”

” သေချာပါတယ်ဗျာ။ ဒီလူကြီးက ရှေးဟောင်းပစ္စည်းတွေစုဆောင်းတာ သိပ်ကို ဝါသနာပါတယ်။ တစ်မြန်နေ့ကတင် ဒီလူကြီး မြို့ပေါ်ဆီက ပြန်လာပြီး ကျုပ်ရဲ့ လှေနဲ့ ကမ်းကူးတာ။ သူ့မှာ ရှေးဟောင်းသေတ္တာကြီးတစ်လုံးလည်း ပါလာတာ ကျုပ် မြင်မိတယ်။ ကျုပ်တင်မကဘူး ကျန်တဲ့သူတွေလည်း မြင်မိတယ်။ အားလုံးက အဲ့ဒီ့သေတ္တာကြီးကို ရတနာသေတ္တာကြီးလို့ ထင်နေကြတာပဲ…”

” အင်းလေ…မင်းပြောသလိုသာဆိုရင်တော့ ငါတို့ လုပ်ရကိုင်ရ တန်ပြီပဲ။ ကဲဟေ့…အချိန်မရှိဘူး ၀င်ကြရအောင်…”

သာမောင်က ပြောပြီးတာနဲ့ ဦးနီရဲ့ ခြံစည်းရိုးကို ချိုးဖျက်ဖောက်၀င်လိုက်တယ်။

” ဘုန္​း…”

အသံနဲ့အတူ သာမောင်တစ်ယောက် ကျောကော့သွားရတယ်။ ပြီးတော့ မြေဆီကို ဘိုင်းခနဲလဲကျလို့ ဆန့်တငင်ငင်ဖြစ်နေတော့တယ်။

ကျန်တဲ့သူတွေက သာမောင်ရဲ့ အဖြစ်အပျက်ကို မြင်ပြီး အလန့်တကြားနဲ့ ပြေးဆွဲဖို့ လုပ်ကြတယ်။

” ဘုန်း…ဘုန်း…”

အဲ့ဒီ့လူတွေထဲက တစ်ယောက်ရဲ့ ကျောပြင်ကို တစ်ယောက်ယောက်က လက်ဝါးကြမ်းကြီးနဲ့ ရိုက်လိုက်သလိုမျိုး ခံလိုက်ရပြီး သာမောင်လိုပဲ ပစ်လဲကျသွားရတယ်။

ကျန်တဲ့သူတွေက သူတို့နှစ်ယောက်ကို အမြန်ဆုံးဆွဲထုတ်ကြတယ်။

” သ…သရဲ…”

သာမောင်က အတင်းကာရော ထအော်တယ်။

ပြီးတော့…။

သူတို့အားလုံး အဲ့ဒီ့နေရာကနေ အမြန်ဆုံး ပြန်ပြီး ပြေးထွက်ခဲ့ကြတော့တယ်။

သူတို့ ပြေးသွားပြီးချိန်မှာတော့ မြေဆီမှာ သာမောင်တို့ဆီက ကျခဲ့တဲ့ သွေးကွက်တချို့ကျန်ခဲ့တယ်။

” ဘုတ်…” ခနဲ အသံနဲ့အတူ အဲ့ဒီ့သွေးကွက်တွေအပေါ်ကို မည်းမည်းအရာတစ်ခုက ခုန်ချလာတယ်။

ပြီးတော့ မြေဆီက သွေးတွေကို စုတ်ယူလိုက်တယ်။

ရှိရှိသမျှ သွေးကွက်တို့ကို စုတ်ယူပြီးချိန်မှာတော့ အဲ့ဒီ့အရာက ရုတ်တရက်ပျောက်ကွယ်သွားခဲ့တော့လေတယ်။

*******

” ဦးနီ သေပြီတဲ့…”

မနက်အစောကိုပဲ အင်းမရွာဆီက သတင်းဆိုးတစ်ခု။

ဦးနီရဲ့ အိမ်ဆီမှာ လူတွေ တစ်အုပ်တစ်မကြီး ရောက်ရှိနေကြတယ်။

” လည်ပင်းညှစ်ခံထားရတာ အရိုးတောင်ကျိုးတဲ့အထိပဲ…”

အထဲမှာ အလောင်းကို ၀င်ကြည့်သူတစ်ဦးက ထွက်လာပြီးပြောတော့ လူအုပ်ကြီးခမျာ အသည်းတအေးအေးနဲ့ ထိတ်လန့်ကြလေရဲ့။

” ကြောက်စရာ ကောင်းလိုက်တာ…”

” ဟုတ်ပါ့…သူ့ဘာသာ အနေအေးတဲ့သူကို ဘယ်လိုလူကများ ဒီလို ရက်ရက်စက်စက် သတ်သွားတာပါလိမ့်…”

စုတ်တသပ်သပ်နဲ့ စိတ်မကောင်းဖြစ်ပြီး ရေရွတ်မိကြသူတွေလည်း ရှိတယ်။

ဒါပေမယ့် ပြဿနာက ဒီလောက်နဲ့ ပြီးမသွားပြန်ဘူး။

ဦးနီရဲ့ အိမ်ထဲက နောက်ထပ်ထွက်လာတဲ့သူတစ်ယောက်က…။

” ဦးနီရဲ့ ခန္ဓာကိုယ်မှာ သွေးတစ်စက်မှ ရှိမနေတော့ဘူး…”

” ဟာ…”

” အလို…”

ပြဿနာက တွေးလေရှုပ်လေဖြစ်ရပြီ။

သတ်သူဟာ ဘယ်လိုမျိုးလဲ။ လူအချင်းချင်းပဲ သတ်တာလား၊ ဒါမှ မဟုတ်ညတစ္ဆေသရဲ၊ နာနာဘာ၀ကပဲ သတ်တာလား။

လူတိုင်းတွေးကြပေမယ့် အဖြေက သူတို့အတွက် ရှိမလာခဲ့ဘူး။

******

ဦးနီရဲ့ ရက်လည်အပြီး နောက်တစ်နေ့ နံနက်မှာတော့…။

” ဘုတ်…”

” ဟာ…”

ငခွေးတစ်ယောက် အလွန်အမင်းကို အံ့သြသွားရတယ်။

ဘာကြောင့်လဲဆိုတော့…။

သူ ရွာအစွန် ဦးနီအိမ်အလွန်ဆီက စားကျက်မှာ နွားလွှတ်ကျောင်းထားရင်းနဲ့ နွားပေါက်တစ်ကောင်က ခြေလွန်ပြီး ဦးနီရဲ့ ခြံထဲကို ၀င်သွားတာ။

ဒါကို ငခွေးက မြင်မိတော့ လိုက်ဆွဲထုတ်ဖို့ အနောက်က ပြေးလိုက်သွားချိန် အရှေ့က နွားပေါက်ကို တစ်ယောက်ယောက်က ကိုင်ပေါက်လိုက်သလိုဖြစ်ပြီး ဘိုင်းခနဲ ပစ်လဲကျသွားလေရဲ့။

ဒီအတွက် ငခွေး ကိုယ့်မျက်စိကိုယ် မယုံကြည်နိုင်ဖြစ်ပြီး တအံ့တသြနဲ့ ကြက်သေသေမိနေတယ်။

ဒါပေမယ့် တစ်ခဏတာပါပဲ။

ငခွေး သတိ၀င်လာပြီး နွားဆီကို ပြေးကြည့်လိုက်တယ်။

” အမလေး…”

ငခွေး အထိတ်တလန့် ထအော်မိသွားတယ်။

သူနွားရဲ့ ဦးခေါင်းနေရာက တစ်စုံတစ်ခုနဲ့ ထုခံထားရသလို ချိုင့်၀င်ပြီး သွေးစိမ်းရှင်ရှင်ထွက်လို့ သေဆုံးနေတယ်လေ။ သွေးတွေက မြေပြင်ကိုတောင် စီးကျနေတော့တာ။

ငခွေး အထိတ်တလန့်နဲ့ ချက်ချင်းပဲ နောက်ပြန်လှည့်ပြေးခဲ့တယ်။

တအောင့်ကြာတော့ ငခွေးနဲ့အတူ ရွာသူရွာသားတွေ လိုက်ပါလာကြတယ်။

သူတို့ရောက်ချိန်ကျတော့ နွားရဲ့ ဦးခေါင်းဆီက စီးကျနေတဲ့ သွေးတွေက တစ်စက်မှရှိမနေဘူး။ မြေဆီမှာလည်း သွေးကွက်ဆိုတာ ရှိမနေဘူး။

” ဟေ့…တစ်ယောက်လောက် နွားရဲ့ လည်ပင်းကို လှီးကြည့်ကြစမ်း…”

သူကြီးက တစ်စုံတစ်ခုကို တွေးမိပြီး စေခိုင်းလိုက်တယ်။

သူကြီးစကားဆုံးတာနဲ့ လူအုပ်ထဲက တစ်ယောက် နွားရဲ့ လည်ပင်းကို လှီးကြည့်လိုက်တယ်။

” ဟာ…သွေး…သွေး မရှိတော့ဘူး…”

နွားရဲ့ ခန္ဓာကိုယ်ဆီမှာ သွေးက တစ်စက်မှ ရှိမနေဘူး။

ဥိးနီရဲ့ အဖြစ်အပျက်နဲ့တူနေတာမို့ အကုန်လုံး သို့လောသို့လောနဲ့ အထိတ်တလန့်ဖြစ်ကုန်ကြတယ်။

” ဒီခြံမှာ မကောင်းတာတစ်ခုတော့ရှိနေပြီ။ ကဲ…ကဲ…နွားသေကို မြန်မြန်သယ်။ ပြီးရင် ဒီခြံရဲ့အနားကို ဘယ်သူမှ မလာကြနဲ့တော့…”

သူကြီးရဲ့ တစ်ချက်လွှတ်စကား။

ရွာသားတွေက ချက်ချင်းပဲ နွားသေကို မထုတ်ကြတယ်။

အဲ့ဒီ့ကနေ နောက်ပိုင်းမှာတော့ ရွာသူရွာသားတွေအကုန်လုံး ဦးနီရဲ့ အိမ်ကြီးအနားကို ယောင်လို့တောင် ဖြတ်သွားဖြတ်လာ မလုပ်ရဲကြတော့တဲ့အထိပဲ။

အထက်ပါ အဖြစ်အပျက်ကနေ သုံးရက်ခန့်အကြာ…။

*******

” လူလေး…ဒီရွာရဲ့ နာမည်ကို သိခွင့်ရှိမလား…”

ရွာဦးထိပ်က ဇရပ်အနားဆီမှာ နွားစာအဖြစ် မြက်ရိတ်နေတဲ့ ဖိုးတုတ်ဆီကို ယောဂီအ၀တ်တွေ ၀တ်ဆင်ထားကြတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်တို့ရောက်လာပြီး မေးကြတယ်။

ဖိုးတုတ်က သူတို့ကို စူးစမ်းကြည့်လိုက်ပြီး…။

” အင်းမရွာလို့ ခေါ်ပါတယ် ဘကြီး။ ဒါနဲ့ ဘကြီးတို့ကို ဒီအရပ်မှာ တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ ခရီးသွားတွေထင်ပါရဲ့…”

” အင်း…ဟုတ်ပါတယ် တူမောင်ရယ်။ ဘကြီးနာမည်က သိဒ္ဒိ၊ ဒီက ပုဂ္ဂိုလ်နှစ်ယောက်ကတော့ ဒိုးကြီးနဲ့ ဒိုးငယ်တဲ့၊ တူမောင်ပြောသလိုပဲ ခရီးသွားတွေပါ။ ဪ…ဒါနဲ့ တူမောင့်ကို ထပ်ပြီး မေးလို့ရဦးမလား…”

” ဟုတ်ကဲ့…ရပါတယ် ဘကြီး၊ မေးပါ…”

လူကြီးက ရွာဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…။

” ဒီရက်ပိုင်း တူမောင်တို့ ရွာဆီမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေများ ဖြစ်ပျက်နေတာ ရှိနေလားလို့ပါ…”

ဦးသိဒ္ဒိရဲ့ စကားအဆုံး ဖိုးတုတ် ကြာကြာမစဉ်းစားလိုက်ရဘဲ…။

” အို…ရှိပြီကောလား ဘကြီးရယ်။ ကျုပ်တို့ ရွာအပြင်ဘက်မှာနေတဲ့ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းတဲ့ ဦးနီဆိုတဲ့ လူကြီး လွန်ခဲ့တဲ့ တစ်ပါတ်က အသတ်ခံခဲ့ရတာ။ သိပ်ကို ထူးဆန်းတာပဲ။ သူ သေတာ လည်ပင်းရိုးတွေကျိုးပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးတစ်စက်မှ မရှိတော့ဘူး။ နောက်ပြီးတော့ တစ်ပါတ်အကြာမှာ ငခွေးရဲ့ နွားပေါက်ကလေးလည်း အဲ့ဒီ့ခြံထဲကို ၀င်သွားတာ။ ငခွေးမျက်စိရှေ့တင် ရုတ်တရက် ပစ်လဲကျပြီး သွားကြည့်တော့ သွေးမရှိတော့ဘဲ သေနေတယ်။ အဲ့ဒါနဲ့ပဲ အခုတော့ အဲ့ဒီ့အိမ်ကြီးအနားကို သရဲရှိတယ်ဆိုပြီး ဘယ်သူမှ မသွားရဲကြတော့ဘူး…”

ဦးသိဒ္ဒိက ခေါင်းကို ညိတ်လိုက်တယ်။

” ထင်ပါတယ်…ဒါကြောင့်ပဲ ဘကြီးတို့က ဒီရွာကို လှည့်၀င်လာခဲ့တာ။ ဒါနဲ့ ဒိအဖြစ်အပျက်တွေဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ…”

” ဦးနီဆုံးတာက ဒီနေ့နဲ့ဆို ဆယ်တစ်ရက်၊ နွားသေတာကတော့ သုံးလေးရက်ပဲ ရှိဦးမယ်။ ဒါနဲ့ ဘကြီးတို့က ဒီကိစ္စကို ကြိုသိနေတာလား…”

ဖိုးတုတ်ရဲ့ စကားကြောင့် ဦးသိဒ္ဒိက…။

” အင်း…ဆိုပါတော့။ ဒါပေမယ့် ကြိုသိနေတာတော့ မဟုတ်ဘူး။ အခုပဲ ဘကြီးတို့ သွားရင်းလာရင်း တူမောင်တို့ ရွာနားက ဖြတ်တော့ ရွာတစ်ရွာလုံးကို သွေးရောင်လွှမ်းနေတာ မြင်မိတယ်။ ဒါက မကြာခင်မှာ တစ်ရွာလုံး နီးနီး သွေးစွန်းတော့မယ့် အလားအလာပဲ။ ဒါကြောင့် တူမောင့်ကို လာမေးကြည့်တာ…”

” ဗျာ…ဘယ်လိုဖြစ်မှာလဲ။ ကျုပ်ကို ရှင်းအောင် ပြောပါဦး ဘကြီးရယ်…”

” ဘာကြောင့်လဲဆိုတော့ မောင်ရင်ပြောတဲ့ ဦးနီဆိုတဲ့ လူနဲ့ နွားကို သတ်တဲ့သူက အစီအရင်နဲ့ လုပ်ထားတဲ့ မကောင်းဆိုးရွားကောင်ပဲ။ သူက တစ်ရွာလုံးကို စားသောက်မှာမို့လို့ရယ်…”

” ဟာ…ဒါ…ဒါဖြင့်…”

ဖိုးတုတ် တုန်လှုပ်ခြောက်ခြားရင်း စကားကိုတောင် ကောင်းကောင်းမပြောနိုင်တော့ဘူး။

ဦးသိဒ္ဒိက…။

” သိပ်တော့ မစိုးရိမ်ပါနဲ့။ ဒိကိစ္စကို ဘကြီး ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဘကြီးမေးတာကိုတော့ တူမောင်ဖြေပေးပါ။ အဲ့ဒီ့နောက်ကော ဘာဖြစ်သေးလဲ…”

ဖိုးတုတ်က ခဏစဉ်းစားလိုက်ပြီး…။

” အခုထိတော့ ဘာမှတော့ ဆက်မဖြစ်သေးဘူး ဘကြီး…”

ဦးသိဒ္ဒိက ပြုံးလိုက်တယ်။

” အင်းလေ အခုနေတော့ အဲ့ဒီ့မကောင်းဆိုးရွားက လူတစ်ယောက်နဲ့ နွားတစ်ကောင်ရဲ့ သွေးကို သောက်ထားပြီဆိုတော့ ၀လင်နေလို့ ဘယ်ဆက်ဖြစ်ပ့မလဲ။ တကယ်လို့သာ သူက ဆာလောင်ပြီးဆိုရင်တော့ ခြံထဲက ထွက်လာပြီး အစာရှာလိမ့်မယ်။ အဲ့ဒီအခါကျရင်တော့ လူလည်းဖြစ်နိုင်သလို၊ တိရစ္ဆာန်တစ်ကောင်လည်း ဖြစ်နိုင်တယ်…”

” ဗျာ…”

” ကဲပါ ဘကြီးတို့ ရောက်နေပြီပဲ။ ဒါကြောင့် စိုးရိမ်မှုကို ဖယ်လိုက်ပါ တူမောင်ရယ်။ ဒီကိစ္စကို ဘကြီးတို့ စောင့်ကြည့်ပြီး ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်…”

” ဟာ…အဲ့ဒါဆိုရင်တော့ ကူညီပေးပါဦး ဘကြီးရယ်။ လုပ်ပါဗျာ…”

” အင်း…အစောကတည်းက ကူညီဖို့ ဆုံးဖြတ်ထားပြီးသားမို့ တူမောင် ဒီလောက်ကြီး တောင်းပန်ပြောဆိုနေဖို့ မလိုပါဘူး။ ဒါပေမယ့် ဘကြီးတို့ကို တူမောင့်ဘက်က တစ်စုံတစ်ခုတော့ လုပ်ဆောင်ပေးရမယ်…”

” အို…ဘာဖြစ်ဖြစ် ပြောပါ ဘကြီး။ ကျုပ် လုပ်ပေးမယ်။ ကျုပ် လုပ်မပေးနိုင်တဲ့အရာဆိုရင် ရပ်ရွာကိုပြောပြီး ဝိုင်း၀န်းလုပ်ဆောင်ပေးမယ်…”

ဦးသိဒ္ဒိက ပြုံးလိုက်တယ်။

” အခြားတော့ မဟုတ်ပါဘူး။ ဘကြီးတို့ကို ရွာထဲမှာ ရက်ပိုင်းလောက် တည်းခိုဖို့ စီစဉ်ပေးပါလေ…”

” အို…ဒါများ ဘကြီးရာ။ ဘာမှ မပူနဲ့ ကျုပ်အိမ်ရှိတယ်။ အိမ်မှာ ကျုပ်နဲ့ အမေနဲ့ နှစ်ယောက်ပဲ ရှိတာရယ်။ ဘကြီးတို့ ကျုပ်အိမ်မှာသာ တည်းချေဗျာ…”

ဖိုးတုတ် ဦးသိဒ္ဒိတို့ကို ရွာထဲဆီကို ခေါ်ဆောင်လာခဲ့တယ်။

ရွာအလယ်ကိုရောက်တော့ တင့်တောင်းတင့်တယ်နဲ့ ပျဉ်ထောင်အိမ်လေးတစ်အိမ်။

” လာ…ဘကြီး။ ဒါ ကျုပ်အိမ်ပဲ။ လာလာ ဘကြီး အမောပြေအကြမ်းရေလေးသုံးဆောင်ဖို့ ကျုပ်လုပ်ပေးမယ်…”

ဖိုးတုတ်ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့က အိမ်ပေါ်ကို တက်လိုက်ကြတယ်။ ဖိုးတုတ်ကတော့ နောက်ဖေး မီးဖိုထဲဆီကို တန်း၀င်သွားတယ်။

အိမ်ပေါ်ကို ရောက်ပြီးတဲ့အချိန်ကျတော့ သုံးယောက်စလုံးက ဘုရားကျောင်းစောင်ဆီကို သွားကြပြီး ဦးခိုက်၀တ်ပြုကြတယ်။

အဲ့ဒီ့အချိန်မှာပဲ နောက်ဖေးခန်းဆီက အသက်ငါးဆယ်အရွယ် မိန်းမကြီးတစ်ဦးနဲ့ ဖိုးတုတ်တို့ ရေနွေးကြမ်းဗန်းတစ်ခုနဲ့အတူ ရောက်လာကြပြီး ဦးသိဒ္ဒိတို့နဲ့ မလှမ်းမကမ်းမှာ ၀င်ထိုင်ကြတယ်။

တအောင့်ကြာတော့ ဦးသိဒ္ဒိတို့ ၀တ်ပြုလို့ပြီးခဲ့ပြီ။

” အမေ…ဒါက ကျုပ်ပြောပြတဲ့ ဆရာကြီး ဦးသိဒ္ဒိတဲ့။ ဦးနီ အိမ်က မကောင်းဆိုးရွားကို နှိမ်နင်းပေးကြမှာရယ်။ ဒီဘက်က ညီငယ်တွေကတော့ ဒိုးကြီးနဲ့ ဒိုးငယ်။ သူတို့က အမွှာတွေပေါ့။ ဆရာကြီး ဒါကတော် ကျုပ်အမေ။ ကျုပ်တို့ မွေးချင်းငါးယောက်အနက် ကျုပ်က အငယ်ဆုံးပဲ။ အကြီးတွေကတော့ အိမ်ထောင်ရက်သားတွေကျပြီး အိုးအိမ်ခွဲကုန်ကြပြီ…”

ဖိုးတုတ်ရဲ့ အမေက ဦးသိဒ္ဒိတို့ကို ကြည်ညိုတဲ့ အကြည့်နဲ့ ကြည့်လာတယ်။

” ဦးနီသေပြီးနောက်ပိုင်းကတည်းက ရွာသားတွေ အားလုံးက ကျီးလန့်စာစားဖြစ်နေကြတာ။ ကိုင်းထဲကို အလုပ်တွေသွားရင်တောင် ရွာလယ်လမ်းမကြီးက အဲ့ဒီ့အိမ်အနားကဖြစ်ရဲ့သားနဲ့ မသွားရဲကြတော့ဘူး။ အခြားတွေကနေ ပတ်သွားနေကြရတယ်။ ဒီဒုက္ခတွေက ဝေးအောင် ကူညီပေးပါ ဆရာကြီးရယ်…”

ဖိုးတုတ်ရဲ့ အမေက အကူအညီတောင်ပြန်တယ်။

ဦးသိဒ္ဒိက ခေါင်းကိုညိတ်လိုက်ပြီး…။

” အဲ့ဒါတော့ စိတ်ချပါ တူမကြီး။ ဒီညနေလောက်ကိုတော့ မောင်ဖိုးတုတ်ကို အဲ့ဒီ့ဘက်ဆီ လမ်းပြပေးဖို့ ဦးကြီးတို့ကို ကူညီပေးပါ…”

တအောင့်ကြာတော့ စကားစမြည်ပြောဆိုမှုကို ရပ်နားကြပြီး ဦးသိဒ္ဒိတို့က ဖိုတုတ်တို့ သားအမိ ဧည့်ခံတဲ့ ထမင်းဟင်းတို့ကို စားသုံးကြတယ်။

စားသုံးလို့ ပြီးစီးချိန်မှာတော့ တအောင့်တဖြုတ်နားကြပြီး ခဏအကြာမှာတော့ ဦးသိဒ္ဒိနဲ့အတူ ဒိုးညီနောင်တို့ဟာ ဘုရားကျောင်းဆောင် အရှေ့ဆီမှာ တပုလ္လင်ယှက်ခွေလို့ ထိုင်နေကြတော့တာပါပဲ။

******

” ဒီ အိမ်ပဲ ဆရာကြီး…”

အချိန်က နေ၀င်ချေပြီ။

ရွာရဲ့ အနောက်ဘက်ထိပ် အ၀င်ဆီက တံခါးတွေအားလုံး ပိတ်ထားတဲ့ အိမ်ကြီးကို ုဖိုးတုတ်က ညွှန်ပြတယ်။

ဦးသိဒ္ဒိက အိမ်ကြီးကို အကဲခတ်ကြည့်လိုက်တယ်။

တစ်အိမ်လုံးမှာ မည်းမှောင်တဲ့ အခိုးအငွေ့တွေ ဖုံးလွှမ်းနေလေရဲ့။

” လူလေးတို့ ဘာမြင်ရလဲဆိုတာ အာရုံခံကြည့်ကြ…”

ဒိုးညီနောင်တို့ မျက်စိအစုံကို မှိတ်လို့ အိမ်ကြီးဆီကို ကြည့်လိုက်တယ်။ ဦးသိဒ္ဒိမြင်သလိုပဲ သူတို့ မြင်မိကြတယ်။

” သူ…ဒီညကို ရွာထဲဆီ ထွက်လိမ့်မယ်။ အစက ဘဘပြောခဲ့သလိုပဲ လူလည်း ဖြစ်နိုင်သလို တိရိစ္ဆာန်တစ်ကောင်လည်း ဖြစ်နိုင်တယ်…”

” ဟုတ်ကဲ့ ဘဘ…”

” အခုနေတော့ သူ့က ပုန်းအောင်းနေတယ်။ သူထွက်လို့ မရအောင် ဘဘတို့ စည်းချပြီး နှောင်ထားဖို့ လိုတယ်။ လူလေးတို့ ဘဘကို ကူညီပေး…”

ဦးသိဒ္ဒိက ဒိုးညီနောင်တို့ကို မန္တာန်တစ်ပုဒ် သင်ပေးတယ်။

ဒိုးညီနောင်တို့က ပါရမီရှင်တွေဆိုတော့ ချက်ချင်းပဲ ရသွားခဲ့လေရဲ့။

ပြီးတာနဲ့ ဦးသိဒ္ဒိက…။

” ဒိုးကြီးက…အရှေ့အရပ်ထောင့်ကို သွား…ဒိုးငယ်က အိမ်ရဲ့ တောင်အရပ်ထောင့်ကို သွား။ ပြီးရင် ခြံတိုင်ကို ညွှန်ပြီး ဘဘသင်ပေးတဲ့ မန္တာန်ကို ခုနှစ်အုပ်စီ အုပ်ပြီး စောင့်နေကြ။ တစ်စုံတစ်ရာ အခြေအနေ ထူးခြားခဲ့ရင် လူလေးတို့ရဲ့ ပြင်းပြတဲ့ အာဏာစက်ကို အသုံးပြုနိုင်တယ်…”

ဒိုးညီနောင်တို့ ထွက်သွားကြတယ်။

” တူမောင်…မင်းကတော့ ရွာထဲကိုသွားပါ။ ဒီညအတွက် မကောင်းဆိုးရွားကို နှိမ်နင်းမှာမို့ ညနေ နေကွယ်တာနဲ့ ရွာထဲကလူတွေကို အိမ်ထဲက အိမ်အပြင်ဆီကို လုံး၀ မထွက်ကြဖို့ သွားပြောပါ။ ပြီးရင် တူမောင်လည်း ဒီကို ပြန်မလာဘဲ အိမ်ထဲမှာပဲ နေချေတော့…”

ဖိုးတုတ် ပြေးထွက်သွားတယ်။

အဲ့ဒီ့နောက်မှာတော့ ဦးသိဒ္ဒိက ဦးနီရဲ့ ခြံကြီးအရှေ့ဆီမှာ ထိုင်ပြီး မန္တာန်တွေကို ရွတ်ဆိုပါတော့တယ်။

အဲ့ဒီ့အချိန် ဦးသိဒ္ဒိပြောတဲ့အတိုင်းပဲ ဒိုးညီနောင်တို့ လူခွဲပြီး ပေးထားတဲ့ နေရာတွေမှာ မန္တာန်အုပ်ပြီး စောင့်နေလိုက်ကြတယ်။

တဖြေးဖြေးနဲ့ အချိန်အတော်ကြာခဲ့ပြီ။

ခြံထဲက ထူးခြားမှု တစ်စုံတစ်ရာ ရှိမလာခဲ့သေးဘူး။

တဖြေးဖြေးနဲ့ ညအမှောင်ဆီ ရောက်ရှိလာခဲ့တယ်။

ရွာထဲက ခွေးတချို့ ထွက်လာကြပြီး ဦးနီရဲ့ အိမ်ကြီးဆီကို စူးစိုက်ကြည့်လို့ အူကြ၊ ဟောင်ကြ လုပ်နေကြတယ်။

” လူလေးတို့ သတိထားကြ။ အထဲက တစ်စုံတစ်ရာကို မြင်မိတာနဲ့ မန္တာန်ကို မပြတ်တမ်းရွတ်ပါတော့…”

ဦးသိဒ္ဒိရဲ့ စကားသံက ဒိုးညီနောင်တို့ နားထဲဆီမှာ ပဲ့တင်လာတယ်။

ညီနောင်နှစ်ယောက်စလုံး ဦးသိဒ္ဒိသင်ပေးထားတဲ့ မန္တာန်ကို ရွတ်ဆိုကြတယ်။

” ဝုန်း…”

ကျယ်လောင်တဲ့ အသံနဲ့အတူ ခြံထဲဆီက မြေကွက်လပ်တစ်ခုက ဖွာခနဲဖြစ်ပြီး အပေါ်ဆီကို အရာတစ်ခုက မြောက်တက်လာတယ်။ ပြီးတော့ မြေဆီပြန်ကျပြီး ဖျတ်ခနဲ တိုး၀င်လို့ ပျောက်ကွယ်သွားခဲ့တယ်။

” ဝုန်း…”

အိမ်ရဲ့ အနောက်ဘက်ဆီက မြေသားတွေ ဖွာခနဲဖြစ်ပြီး အခုနက မည်းမည်းအရာက ခုန်ထွက်လာခဲ့ပြန်တယ်။ ပြီးတော့ အစကလိုပဲ မြေကြီးထဲကို ပြန်လည်တိုး၀င်သွားခဲ့ပြန်လေပြီ။

” လူလေးတို့ မန္တာန်ကို မပြတ်တမ်းရွတ်နေပါ။ သူက မြေလျိုးပြီး ပုန်းအောင်းနေတာဖြစ်တာမို့ တစ်ချက်လွတ်တာနဲ့ အချုပ်အနှောင်စည်းထဲက လွတ်ထွက်သွားလိမ့်မယ်…”

ဦးသိဒ္ဒိက စိတ်ညွှတ်ပြီး ဒိုးညီနောင်တို့ဆီကို ပြောဆိုလိုက်တယ်။

ဒိုးညီနောင်တို့လည်း သတိမလပ်ရဲတော့လောက်အောင် မန္တာန်ကို ထုံမွှန်းရွတ်ဆိုကြတယ်။

” ကျွန်ုပ် သိဒ္ဒိ၊ ၀သုန္ဓရေမြေစောင့်နတ်မင်းကို တိုင်တည်ပြီး မေတ္တာရပ်ခံပါတယ်။ ယခု အရှင်နတ်မင်းရဲ့ ပိုင်နက်ဆီမှာ ပုန်းခိုနေတဲ့ မကောင်းဆိုးရွားဟာ သွေးဆာပြီး ရက်စက်ပြင်းထန်သော အကုသိုလ်အမှုတွေကို ပြုမူနေပါတယ်။ ဒီမကောင်းဆိုးရွားဟာ အကုသိုလ်အဟုန်ကြောင့် ဖြစ်တည်လာတဲ့ မကောင်းဆိုးရွားမဟုတ်ဘဲ အစီအရင်တစ်ခုကြောင့်ဖြစ်တည်လာခဲ့တာမို့ နှိမ်နင်းဖို့အရေးမှာ အကျွန်ုပ်တို့ကို အရျိင်မြေစောင့်နတ်မင်းက ကူညီဆောင်မပေးပါ…”

ဦးသိဒ္ဒိက ၀သုန္ဓရေနတ်မင်းကို တိုင်တည်လိုက်တယ်။

အဲ့ဒီ့အချိန် မြေကြီးထဲက မကောင်းဆိုးရွားက အိမ်ရဲ့ နံဘေးနားဆီမှာ ပြန်လည်ခုန်ထွက်လာခဲ့ပြန်ပါပြီ။

သို့ပေမယ့်…။

ဒီတစ်ကြိမ်ပြန်ကျချိန်မှာတော့ မြေကြီးထဲကို ပြန်လည်ပြီး တိုး၀င်လို့မရတော့ဘဲ ဘုတ်ခနဲအသံနဲ့ ကျလာခဲ့တယ်။

” ဟမ်း…”

ဒေါသတကြီး အော်သံနဲ့အတူ မည်းမည်းအရာဆီက ဝုန်းခနဲ ထရပ်လာတဲ့ အရိပ်မည်းကြီး။

အသွင်က လူတစ်ယောက်လိုဖြစ်နေပေမယ့် ခန္ဓာကိုယ်ကြီးက အဆမတန်ကြီးမားလွန်းနေတယ်။

ဦးသိဒ္ဒိက ၀သုန္ဓရေနတ်မင်းရဲ့ ကူညီပေးမှုကို စိတ်မှတ်နဲ့ ကျေးဇူးတင်မိလိုက်တယ်။

ပြီးတော့…။

မည်းမည်းအကောင်ကြီးရှိရာဆီကို လက်ညှိုးညွှန်ပြီး အချုပ်အနှောင်မန္တာန်ကို ရွတ်ဆိုလိုက်တယ်။

ဖြူဖွေးတောက်ပလွန်းတဲ့ အလင်းတန်းအသွင် ကြိုးတစ်ချောင်းက မည်းမည်းအကောင်ကြီးဆီကို ပြေး၀င်သွားပြီး တုပ်နှောင်လိုက်တယ်။

” ဂါး….”

အော်သံကြီးက ကြောက်မက်ဖွယ်ရာ။

မည်းမည်းအကောင်ကြီး ဒူးထောက်ပြီးကျသွားခဲ့ရပြီ။

” လူလေးတို့ မန္တာန်ကိုရွတ်ပြီး တိုးကပ်လာခဲ့ကြတော့…”

ဦးသိဒ္ဒိရဲ့ စကားအတိုင်း ဒိုးညီနောင်တို့ လှမ်းလာခဲ့ကြတယ်။

ဦးသိဒ္ဒိကလည်း ခြံထဲဆီကို ၀င်ခဲ့ပြီး တိုးကပ်လာတာမို့ သူတို့သုံးဦးဟာ တြိဂံအသွင်ဖြစ်နေခဲ့တယ်။

သူတို့သုံးဦးရဲ့ တဖြေးဖြေးနီးလာတာနဲ့အမျှ တြိဂံစည်းဟာလည်း ကျဉ်းမြောင်းလာခဲ့ပြီး မကောင်းဆိုးရွားကောင်ဆီက မချိမဆန့် အော်ဟစ်သံကလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့တယ်။

မကြာဘူး။

ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ မျက်နှာချင်းဆိုင်မိချိန်မှာတော့ ” ဝုန်း…” ဆိုတဲ့ အသံနဲ့အတူ မကောင်းဆိုးရွားကောင်ဟာ ဖော့ဖယောင်းပမာ ပေါက်ကွဲထွက်ပြီး အမှုန်အမွှားများ ဖြစ်သွားခဲ့ပါတော့တယ်။

” အို…ကျောက်လက်ဝါးကြီးပဲ…”

မြေပြင်မှာ အက်ကြောင်းတွေထပြီး ကျိုးကြေနေတဲ့ ကျောက်လက်ဝါးကြီးကို မြင်ပြီး ဒိုးငယ်က ရေရွတ်လိုက်တာ။

ဦးသိဒ္ဒိက ကျောက်လက်ဝါးကြီးရဲ့ အပေါ်ဆီကနေ လက်ဝါးဖြန့်ပြီး မထိပဲ ခါလိုက်တယ်။

လေအလျင်တစ်ခု ဖြစ်ပေါ်လာပြီး ကျောက်လက်ဝါးကြီးဟာလည်း အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

” အင်း…ဒီပြဿနာရဲ့ အရာအားလုံးက ဝိသမလောဘကနေ ဖြစ်တည်လာခဲ့တာပဲ…”

” ဘာကြောင့်လဲ ဘဘ…”

” ဘာကြောင့်လဲဆိုတော့ ဦးနီဆိုတဲ့လူကြီးဟာ တစ်ဖက်တစ်လမ်းကနေ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းရင်း အမှတ်မထင် အောက်လမ်းတစ်ယောက်ဆီမှာ ဒီလက်ဝါးကြီးကို တွေ့ခဲ့တာ။ ဒါနဲ့ စျေးကြီးပေး၀ယ်ပြီး ခိုင်းစားမလို့ ကြံခဲ့ရဲ့။ နောက်တော့ အမှတ်မထင် ကျောက်လက်ဝါးကြီးက လူသွေးကို သောက် မိခဲ့ပြီး နှစ်သက်သွားခဲ့ရာကနေ သခင်ကို ပြန်သတ်၊ ရပ်ရွာကို နှောက်ယှက်ဖို့ ဖြစ်လာခဲ့တာပေါ့…”

” ဪ…”

ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ စကားတပြောပြောနဲ့ ဦးနီရဲ့ ခြံထဲကနေ ပြန်ထွက်ခဲ့ကြတယ်။

အဲ့ဒီနောက်တော့ သုံးဦးသား ရွာထဲဆီကို ပြန်၀င်ခဲ့ကြပြီး ဖိုးတုတ်တို့ အိမ်ဆီကို သွားခဲ့ကြကာ…။

” မောင်ဖိုးတုတ်…ပြဿနာကတော့ ဖြေရှင်း ပြီးခဲ့ပါပြီ။ ထွက်ခဲ့ပြီး ရပ်ရွာကို အသိပေးလိုက်ပါတော့…”

ဦးသိဒ္ဒိရဲ့ စကားသံကြောင့် ဖိုးတုတ်တို့ သားအမိ အိမ်ပေါ်ဆီက ဆင်းလာကြတယ်။

“ဆ…ဆရာကြီး။ အဆင်ပြေခဲ့ရဲ့လား…”

” ပြေပါတယ် တူမောင်။ အခုကနေစပြီး ဒီရပ်ရွာထဲမှာ အန္တရာယ်ကင်းခဲ့ပါပြီ…”

” အို…ကျေးဇူးတင်လိုက်တာ ဆရာကြီးရယ်…”

” မလိုအပ်ပါဘူး တူမကြီးရေ။ ဘကြီးတို့က ကြုံကြိုက်သခိုက်မို့ ကူညီထိုက်ခဲ့တာပါ။ ဪ…ဒါနဲ့ ဘကြီးတို့က အခုညတွင်းချင်းကိုပဲ ခရီးဆက်တော့မှာမို့ ဒီက မောင်ဖိုးတုတ်တို့ သားအမိကို လက်ဆောင်တစ်ခု ပေးခဲ့ပါရစေ…”

ဦးသိဒ္ဒိက ပြောပြောဆိုဆိုနဲ့ သူ့လွယ်အိတ်ကြီးထဲကို လက်နှိုက်လိုက်တယ်။

ပြန်ထုတ်လိုက်တော့ သူ့လက်ထဲမှာ ပဝါနဲ့ ထုပ်ထားတဲ့ အထုပ်ကလေးတစ်ထုပ်။

” ဒါကို ဘုရားကျောင်းဆောင်ဆီမှာ တင်ထားပါ။ ပြီးရင် သားအမိနှစ်ယောက်စလုံး ဘုရား၀တ်တက်ပြီး သီလခံယူလို့ အိပ်ကြပါ။ မနက် အာရုံကျင်းတဲ့အခါမှာတော့ ဒီအထုပ်ကို ဖြေပြီး ကောင်းမှုပြုချေပါ…”

ဦးသိဒ္ဒိက ကမ်းပေးလာတော့ ဖိုးတုတ်တို့သားအမိ အထုပ်ကလေးကို ယောင်နနနဲ့လှမ်းယူမိလိုက်ကြတယ်။

” ကဲ…ဘကြီးတို့ကို သွားခွင့်ပြုပါဦး…”

” ဟို…ဘ…ဘကြီး။ ဒီညတော့ အိမ်မယ်ပဲ…”

ဖိုးတုတ်ရဲ့ စကား မဆုံးလိုက်ဘူး၊ ဦးသိဒ္ဒိက လက်ကာပြလိုက်တယ်။

” နေပါစေတော့ တူမောင်ရေ။ ခရီးက မပြတ်လှမ်းနေရမှာမို့ သွားပါတော့မယ်…”

ပြောပြီးတာနဲ့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့က ထွက်ခွာသွားခဲ့လေပြီ။

******

တစ်လခန်အကြာ…။

အင်းမရွာဆီမှာ အလှူပွဲတစ်ခုလုပ်နေတယ်။

အလှူ့ရှင်ကတော့ ဖိုးတုတ်တို့ သားအမိဖြစ်ပြီး ဘာကြောင့် လက်လုပ်လက်စားဖြစ်တဲ့ သူတို့သားအမိက ရုတ်ခြည်းရွာလုံးကျွတ်ကို ကျွေးမွေးလှူဒါန်း နိုင်ခဲ့တယ်ဆိုတာကိုတော့ အားလုံးက စိတ်၀င်တစား ရှိနေကြပါတယ်။

ဒါပေမယ့် ဖိုးတုတ်တို့ သားအမိကတော့ ဘာကြောင့်ဆိုတာကို ဘယ်သူ့ဆီကိုမှ မပြောပြခဲ့ပါဘူး။

လှူဒါန်းကျွေးမွေးနေချိန်မှာ ဖိုးတုတ်ရဲ့ လက်ထဲဆီမှာ ပုဝါစလေးတစ်ခုကို ကိုင်ဆောင်ထားပါတယ်။

အဲ့ဒီ့ပဝါစလေးကတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ ပေးခဲ့တဲ့ အထုပ်ကလေးထုပ်ထားတဲ့ ပဝါစလေးဖြစ်ပြီး အတွင်းဆီမှာ စာတန်းလေးတစ်ခုလည်း ပါ၀င်ပါတယ်။

” ထမင်းတစ်နပ်အတွက် ကျေးဇူးဆပ်ခြင်းဖြစ်၏။ ယခုလိုပဲ နောင်မှာလည်း ကျွေးမွေးလှူဒါန်းနိုင်ပါစေ…”

ဦးသိဒ္ဒိတို့ ထွက်သွားတဲ့ ညက ဖိုးတုတ်တို့သားအမိ ဦးသိဒ္ဒိပြောခဲ့သလိုပဲ အထုပ်ကလေးကို တင်ပြီး ဘုရား၀တ်တက် သီလခံယူခဲ့ကြပါတယ်။

အဲ့ဒီ့တစ်ညကို လွန်ပြီး နောက်တစ်နေ့ မနက်ကျ အထုပ်ကလေးကို ဖွင့်ကြည့်မိကြချိန်မှာတော့ အထဲမှာ ရွှေတုံးကလေးတွေရှိနေတာကို မြင်လိုက်ကြရပါတယ်။

ပြီးတော့ စာတန်းကလေးကို မြင်မိပြီး ဖတ်ရှုလို့ သားအမိတွေ ၀မ်းသာမျက်ရည်လည်မိကြပါတယ်။

ဒီကနေပဲ ဖိုးတုတ်တို့ သားအမိဟာ နေ့ချင်းညချင်း တင့်တောင့်တင့်တယ် ဘ၀ဆီရောက်ခဲ့ကြရပါတယ်။

အဲ့ဒီ့အချိန်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ခရီးကို ဆက်လက်လှမ်းနေဆဲဖြစ်ပြီး ဦးသိဒ္ဒိဟာ အာရုံတစ်ခုကို ရရှိခဲ့ပါတယ်။

အဲ့ဒီ့ အာရုံကြောင့်ပဲ လူငယ်တစ်ယောက်ကို သူတို့ ရှာဖွေကြရပြီး တောနက်ခရီးတစ်ခုဆီကို လမ်းကြောင်းပြောင်းလို့ သွားခဲ့ကြရပါတယ်။

ပြီးပါပြီ

စာ​ရေးသူ -နောင်ရိုး( ဆေးတပ်)အားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအုံး